ပုဒ်မ ၃၄၈
ပုဒ်မ ၃၄၈
ဒင်္ဂါများ၊ အစိုးရတံဆိပ်ခေါင်းများနှင့် သက်ဆိုင်သောပြစ်မှုများ၊ သို့မဟုတ် ပစ္စည်းကို ထိခိုက်သည့် ပြစ်မှုများဖြင့် ပြစ်ချက်ဟောင်းရှိသူများအား စစ်ဆေးစီရင်မှု

(၁) မည်သူမဆို ပြစ်မှုဆိုင်ရာဥပဒေ အခန်း ၁၂ အရဖြစ်စေ၊ အခန်း ၁၇ အရဖြစ်စေ ထောင်ဒဏ် သုံးနှစ်၊ သို့မဟုတ် သုံးနှစ်ထက်ပို၍ ထိုက်သင့်သည့်ပြစ်မှုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပြီးနောက် ထိုအခန်းတစ်ရပ်ရပ်အရ ထောင်ဒဏ် သုံးနှစ်၊ သို့မဟုတ် သုံးနှစ်ထက်ပို၍ ထိုက်သင့်သည့် ပြစ်မှုတစ်ရပ်ရပ်ဖြင့် ထပ်မံစွပ်စွဲခြင်းခံရသူ၏ အမှုကို စစ်ဆေးစီရင်လျက်ရှိသည့် ရာဇဝတ်တရားသူကြီးက တရားခံကိုလွှဲအပ်တင်ပို့ရန် လုံလောက်သောအကြောင်းများရှိသည်ဟု ကျေနပ်လျှင်၊ ထို့ပြင် တရားသူကြီးက မိမိကိုယ်တိုင် အဆိုပါအမှုကို စစ်ဆေးစီရင်ရန် အရည်အချင်းရှိသူမဟုတ်သည့်အပြင် တရားခံအပေါ် ပြစ်မှုထင်ရှားစီရင်ပါက လုံလောက်သော ပြစ်ဒဏ်စီရင်ချက် ချမှတ်နိုင်မည်မဟုတ်ဟု ထင်မြင်လျှင် တရားခံကို စက်ရှင်တရားရုံးသို့ဖြစ်စေ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ဖြစ်စေ လွှဲအပ်တင်ပို့ရမည်။(ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၂၆)

သို့ရာတွင် ခရိုင်အတွင်းရှိ ရာဇဝတ်တရားသူကြီးတစ်ဦးဦးအား ပုဒ်မ ၃ဝ အရ အာဏာများအပ်နှင်းထားပြီးဖြစ်လျှင် အမှုကို စက်ရှင်တရားရုံးသို့ လွှဲအပ်တင်ပို့မည့်အစား ထိုရာဇဝတ်တရားသူကြီးထံသို့ အမှုကို လွှဲပြောင်းပေးနိုင်သည်။

(၂) ပုဒ်မခွဲ(၁)အရ လူတစ်ဦးအား စက်ရှင်တရားရုံး၊ သို့မဟုတ် ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လွှဲအပ်တင်ပို့ခြင်း ပြုသောအခါ ထိုသူနှင့်အတူ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှုတစ်ခုတည်း၌ ပူးတွဲစွပ်စွဲခြင်းခံရသော အခြားမည်သူမဆိုကိုလည်းရာဇဝတ်တရား သူကြီးက ပုဒ်မ ၂၀၉ အရ အဆိုပါအခြားသူကို စွဲချက်မတင်မီ လွှတ်ခြင်းမပြုပါက အလားတူ လွှဲအပ်တင်ပို့ ရမည်။(ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၂၆)