ပုဒ်မ ၅၁၇
ပုဒ်မ ၅၁၇
ကျူးလွန်သည့် ပြစ်မှုနှင့် စပ်လျဉ်းသည့် ပစ္စည်းကို စီမံခန့်ခွဲရန် အမိန့်

(၁) မည်သည့်ပြစ်မှုဆိုင်ရာ တရားရုံးတွင်မဆို စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှု တစ်မှု ဆုံးခန်းသို့ ရောက်ရှိသည့်အခါ တရားရုံးသို့ တင်ပြထားသော၊ သို့မဟုတ် တရားရုံးက ထိန်းသိမ်းထားသော ပစ္စည်း၊ သို့မဟုတ် စာတမ်းအမှတ်အသား တစ်ခုခုကိုဖြစ်စေ၊ ပြစ်မှုတစ်ခုခုကျူးလွန်းခြင်းနှင့်စပ်လျဉ်းသည်ဟု ယူဆရန်အကြောင်းရှိသော ပစ္စည်း၊`` သို့မဟုတ် စာတမ်းအမှတ်အသား တစ်ခုခုကိုဖြစ်စေ ပြစ်မှုကျုးလွန်ရာတွင် အသုံးပြုသောပစ္စည်း၊ သို့မဟုတ် စာတမ်းအမှတ်အသား တစ်ခုခုကိုဖြစ်စေ အဆိုပါပစ္စည်းကို ကိုယ်ထိလက်ရောက် မတင်ပြနိုင်သည့်အပြင် လွယ်လင့်တကူ မတင်ပြနိုင်ပါက အစီရင်ခံစာနှင့်အတူ သက်ဆိုင်ရာ သက်သေခံစာတမ်းအမှတ်အသားကို တင်ပြသည့်အခါဖြစ်စေ တရားရုံးသည် ဖျက်ဆီးစေရန်၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန်၊ သို့မဟုတ် လက်ရှိထားခွင့်ရှိသည်ဟု တောင်းဆိုသူအား ပေးအပ်စေရန်၊ သို့မဟုတ် အခြားနည်းဖြင့် ဆောင်ရွက်စေရန်အတွက် သင့်သည်ထင်မြင်သည့် စီမံခန့်ခွဲမှု အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။

(၂) ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင်တရားရုံးက အဆိုပါအမိန့်မျိုး ချမှတ်၍ ပစ္စည်းပိုင်ဆိုင်ထိုက်သူထံ ၎င်းတရားရုံးအရာရှိများကပေးအပ်ရန် အကြောင်းအခွင့် မသင့်ဖြစ်နေလျှင် ၎င်းအမိန့်ကို ခရိုင်ရာဇဝတ်တရားသူကြီးက ဆောင်ရွက်စေရန် တရားရုံးက ညွှန်ကြားနိုင်သည်။

(၃) ဤပုဒ်မအရ အမိန့်တစ်ရပ်ချမှတ်သည့်အခါ ၎င်းပစ္စည်းမှာ သက်ရှိပစ္စည်း၊ သို့မဟုတ် သဘာဝအလျောက် လျင်မြန်စွာပျက်စီးလွယ်သည့် ပစ္စည်းဖြစ်ခြင်းနှင့် ထို့ပြင် ပုဒ်မခွဲ (၄) တွင် ပြဋ္ဌာန်းထားသည်မှတစ်ပါး အဆိုပါအမိန့်ကို တစ်လအတွင်း အတည်ပြုမဆောင်ရွက်စေရ၊ သို့မဟုတ် အယူခံဝင်ခဲ့လျှင်လည်း အဆိုပါအယူခံမှုစီရင်ဆုံးဖြတ်မပြီးမီအတွင်း ဆိုခဲ့သည့်အတိုင်း အတည်ပြုမဆောင်ရွက်စေရ။

(၄) ဤပုဒ်မအရ ချမှတ်သည့်အမိန့်ကို အယူခံရာ၌ ပြောင်းလဲပြင်ဆင်လျှင်၊ သို့မဟုတ် ပယ်ဖျက်လျှင် ပစ္စည်းကို လက်ရှိထားခွင့်ရှိသည်ဟု တောင်းဆိုသူက ၎င်းပစ္စည်းကို တရားရုံးသို့ ပြန်လည်ပေးအပ်ရန် အာမခံသူနှင့်ဖြစ်စေ၊ အာမခံသူမပါဘဲဖြစ်စေ တရားရုံးက ကျေနပ်လက်ခံ နိုင်လောက်အောင် ခံဝန်ချုပ်ဆိုလျှင် ထိုသူအား အဆိုပါပစ္စည်းကို ပုဒ်မခွဲ(၁) ပါ ပြဋ္ဌာန်းချက်များအရ တရားရုံးမှ ပေးအပ်ခြင်းကို ဤပုဒ်မပါ မည်သည့်အချက်ကမျှ ပိတ်ပင် တားမြစ်သည်ဟု မမှတ်ယူရ။

အဓိပ္ပာယ်ရှင်းလင်းချက်။ ဤပုဒ်မပါ “ပစ္စည်း”ဆိုသည့် စကားရပ်၌ ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခြင်းနှင့်စပ်လျဉ်းသည့် လက္ခဏာရှိသော ပစ္စည်းဖြစ်သည့်အချက်တွင် အမှုသည် တစ်ဦးဦး၏ လက်ရှိပစ္စည်း၊ သို့မဟုတ် ၎င်း၏ထိန်းချုပ်မှုအောက်ရှိ မူလပစ္စည်းသာမက ၎င်းပစ္စည်းနှင့် လုပ်ကိုင်ထားသော၊ သို့မဟုတ် ပြောင်းလဲထားသော၊ သို့မဟုတ် လဲလှယ်ထားသော မည်သည့်ပစ္စည်းမဆို တိုက်ရိုက်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ယင်းကဲ့သို့ပြောင်းလဲ၍ရရှိသော၊ သို့မဟုတ် လဲလှယ်၍ရရှိသော ပစ္စည်းများလည်း ပါဝင်သည်။