သက်သေများကိုရှေးဦးစွာ အဓိကစစ်မေးခြင်းပြုရမည်။ ထို့နောက်(ဆန့်ကျင်ဘက်အမှုသည်က စစ်မေးလိုလျှင်) ပြန်လှန်စစ်မေးခြင်းပြုရမည်။ ထို့နောက် (သက်သေတင်ပြသည့် အမှုသည်က ထပ်မံစစ်မေးလိုလျှင်) ထပ်မံစစ်မေးခြင်းပြုရမည်။
အဓိကစစ်မေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းတို့မှာ အမှု၌စပ်ဆိုင်သည့် အကြောင်းခြင်းရာများနှင့်သက် ဆိုင်စေရမည်၊ သို့သော်လည်းပြန်လှန်စစ်မေးရာတွင်အဓိကစစ်မေးစဉ်ကထိုသက်သေထွက်ဆိုခဲ့သည့် အကြောင်းခြင်းရာများအပေါ်တွင်သာပြန်လှန်စစ်မေးရမည်ဟု ကန့်သတ်ထားရန်မလိုချေ။
ထပ်မံစစ်မေးခြင်း၏ဦးတည်ချက်။
ထပ်မံစစ်ဆေးခြင်းမှာ ပြန်လှန်စစ်မေးရာ၌ပါရှိသော အကြောင်းအရာများကို ရှင်းလင်းရန်အတွက်ဖြစ်ရမည်။ ထပ်မံစစ်မေးရာ၌ တရားရုံး၏ခွင့်ပြုချက်ဖြင့် အကြောင်းအရာသစ်တစ်ခုကို ထည့်သွင်းမေးမြန်းလျှင် ဆန့်ကျင်ဘက်အမှုသည်က ထိုအကြောင်းအရာပေါ်တွင် နောက်ထပ်ပြန်လှန်စစ်မေးနိုင်သည်။