ပုဒ်မ ၂၂၂
ပုဒ်မ ၂၂၂
ပြစ်ဒဏ်ချမှတ်ခြင်းခံရသူကို သို့မဟုတ် ချုပ်နှောင်ထားရန် ဥပဒေနှင့်အညီ အမိန့်ချခံရသူကိုဖမ်းဆီးရန် တာဝန်ရှိသော ပြည်သူ့ဝန်ထမ်းက မဖမ်းဆီးဘဲ တမင်ပျက်ကွက်ခြင်း

တရားရုံးက ပြစ်မှုတစ်ခုခုနှင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူကို သို့မဟုတ် ချုပ်နှောင်ထားရန် ဥပဒေနှင့် အညီ အမိန့်ချမှတ်ခြင်းခံရသူကို ဖမ်းဆီးရန်ဖြစ်စေ၊ ချုပ်နှောင် ထားရန်ဖြစ်စေ ဥပဒေနှင့်အညီ တာဝန် ရှိသော ပြည်သူ့ဝန်ထမ်းသည် ထိုသူကို မဖမ်းဆီးဘဲ တမင်ပျက်ကွက်လျှင် သို့မဟုတ် ထိုသူ ထွက်ပြေး သည်ကို တမင်လျစ်လျူရှုလျှင် သို့မဟုတ် ထိုသူအချုပ်မှ ထွက်ပြေးသည်ကိုဖြစ်စေ၊ ထွက်ပြေးရန် အားထုတ်သည်ကိုဖြစ်စေ တမင်ကူညီလျှင် ထိုပြည်သူ့ဝန်ထမ်းကို အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ် ရမည်။

အချုပ်ခံရသူသည် သို့မဟုတ် ဖမ်းဆီးခံထိုက်သူသည် သေဒဏ်ချမှတ်ခံရသူဖြစ်လျှင် ငွေဒဏ် နှင့်ဖြစ်စေ၊ ငွေဒဏ်မပါဘဲဖြစ်စေ ထောင်ဒဏ် နှစ်နှစ်ဆယ်သော်လည်းကောင်း၊ ဆယ့်လေးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးသော်လည်းကောင်းချမှတ်ရမည်။ သို့မဟုတ်

အချုပ်ခံရသူသည် သို့မဟုတ် ဖမ်းဆီးခံထိုက်သူသည် တရားရုံး၏စီရင်ချက်အရဖြစ်စေ၊ ထိုစီရင်ချက်ကို လျှော့ပေါ့ပြောင်းလဲသော အမိန့်အရဖြစ်စေ ထောင်ဒဏ်နှစ် နှစ်ဆယ် (* * *) သော်လည်းကောင်း၊ ဆယ်နှစ်မှနှစ် နှစ်ဆယ် (* * *) ထိ ထောင်ဒဏ်သော်လည်းကောင်း ချမှတ်ခံရသူဖြစ်လျှင် ငွေဒဏ်နှင့်ဖြစ်စေ၊ ငွေဒဏ်မပါဘဲဖြစ်စေ ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည်။ သို့မဟုတ်

အချုပ်ခံရသူသည် သို့မဟုတ် ဖမ်းဆီးခံထိုက်သူသည် တရားရုံး၏ စီရင်ချက်အရ ဆယ်နှစ်အောက် လျော့သော ထောင်ဒဏ်ခံရသူဖြစ်လျှင် သို့မဟုတ် ချုပ်ထားရန် ဥပဒေနှင့်အညီ အမိန့်ချမှတ်ခံရသူ ဖြစ်လျှင် သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။