မည်သူမဆို ထောင်ဒဏ်ထိုက်သင့်သော ပြစ်မှုကို အားပေးကူညီသော်လည်း ထိုပြစ်မှုကို ကျူးလွန်ခြင်းမရှိ။ ထိုအားပေးကူညီမှုအတွက် ဤရာဇသတ်ကြီးအရ ပြစ်ဒဏ်ပြဋ္ဌာန်းထားခြင်းမရှိလျှင် အားပေးကူညီခြင်းခံရသော ပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် အများဆုံးထောင်ဒဏ် တစ်မျိုးမျိုး၏ လေးပုံတစ်ပုံထိဖြစ်စေ၊ ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အားပေးကူညီသူသည် သို့မဟုတ် အားပေးကူညီခြင်းခံရသူသည် ပြစ်မှုကျူးလွန်ခြင်းကို တားမြစ်ရန် တာဝန်ဝတ္တရားရှိသော ပြည်သူ့ဝန်ထမ်းဖြစ်လျှင်၊ ထိုအားပေးကူညီမှုအတွက် ခံရမည့်ပြစ်ဒဏ်။
ထို့ပြင် အားပေးကူညီသူဖြစ်စေ၊ အားပေးကူညီခြင်းခံရသူဖြစ်စေ ဆိုခဲ့သည့်ပြစ်မှုမျိုး ကျူးလွန်ခြင်းကို တားမြစ်ရန် တာဝန်ဝတ္တရားရှိသော ပြည်သူ့ဝန်ထမ်းဖြစ်လျှင် အားပေးကူညီခြင်းခံရသော ပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် အများဆုံးထောင်ဒဏ်တစ်မျိုးမျိုး၏ ထက်ဝက်ထိဖြစ်စေ၊ ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထား သည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အားပေးကူညီသူအား ချမှတ်ရမည်။
ဥပမာများ
(က) ပြည်သူ့ဝန်ထမ်း B သည် ရာထူးအလျောက် အလုပ်ဝတ္တရားများကို ဆောင်ရွက်သည်တွင် အခွင့်အရေးပေးပါမည့်အကြောင်းဖြင့် A က လာဘ်ပေးသည်ကို B က လက်မခံ ငြင်းပယ်သော်လည်း A မှာ ဤပုဒ်မအရ ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သည်။
(ခ) မမှန်သက်သေခံရန် A က B ကို လှုံ့ဆော်သည်တွင် B က မမှန်သက်သေမခံသော်လည်း A မှာ ဤပုဒ်မတွင် အဓိပ္ပာယ်ဖွင့်ဆိုသည့်အတိုင်း ပြစ်မှုကို ကျူးလွန်ရာရောက်သည်ဖြစ်၍ ထိုပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သည်။
(ဂ) လုယက်မှုကိုတားဆီးရန် တာဝန်ဝတ္တရားရှိသော ရဲအရာရှိ A သည် လုယက်မှုကို ကျူးလွန်ရန် အားပေးကူညီရာတွင် လုယက်မှုကို ကျူးလွန်ခြင်း မရှိသော်လည်း A မှာ ထိုပြစ်မှုအတွက်ပြဋ္ဌာန်းထားသည့် အများဆုံး ထောင်ဒဏ်တစ်မျိုးမျိုး၏ ထက်ဝက်အပြင် ငွေဒဏ်လည်း ထိုက်သင့်သည်။
(ဃ) လုယက်မှုကိုတားဆီးရန် တာဝန်ဝတ္တရားရှိသော ရဲအရာရှိ A ကို လုယက်မှုကျူးလွန်ရန် B က အားပေးကူညီရာတွင် လုယက်မှုကိုကျူးလွန်ခြင်း မရှိသော်လည်း B မှာ ထိုပြစ်မှုအတွက် ပြဋ္ဌာန်း ထားသည့် အများဆုံး ထောင်ဒဏ် တစ်မျိုးမျိုး၏ ထက်ဝက်အပြင် ငွေဒဏ်လည်း ထိုက်သင့်သည်။