ပုဒ်မ ၁၂၆
ပုဒ်မ ၁၂၆
ရှေ့နေရှေ့ရပ်လုပ်ငန်းအရပြောဆိုရေးသားချက်များ

ရှေ့နေတစ်ဦးသည်မိမိ၏အမှုသည်က အတိအလင်းသဘောတူညီခြင်းမရှိလျှင် ထိုအမှုသည်၏ ရှေ့နေအဖြစ် ဆောင်ရွက်နိုင်ရန်အလို့ငှာ ထိုသို့ဆောင်ရွက်နေစဉ်အတွင်း သိရှိထားသည့် မိမိအားအမှု သည်ကဖြစ်စေ၊ အမှုသည်အတွက်တစ်ဦးဦးကဖြစ်စေ ပြောဆိုရေးသားချက် သို့မဟုတ်မိမိသိရှိခွင့်ရခဲ့ သည့် စာချုပ်စာတမ်းတစ်ခုခုတွင် ပါရှိသောအချက်များ သို့မဟုတ် စာချုပ်စာတမ်း၏အခြေအနေ သို့မဟုတ် မိမိ၏အမှုသည်များအား မိမိပေးခဲ့သော အကြံဉာဏ်မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခွင့် မရှိစေရ။

သို့ရာတွင် ဤပုဒ်မပါပြဋ္ဌာန်းချက်ကိုအကာအကွယ်ယူ၍ အောက်ပါအချက်တို့ကိုထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ နေခွင့်မရှိစေရ-

(၁) တရားဥပဒေနှင့် မညီသော အကြံအစည်တစ်ခုခုဖြစ်မြောက်စေရန်အလို့ငှာပြောဆိုရေးသားချက်တစ် ရပ်ရပ်၊

(၂) အမှုသည်၏ရှေ့နေအဖြစ်ဆောင်ရွက်နေစဉ်အတွင်း မိမိတွေ့ရှိရသည့်အချက်တစ်ခုခုအရပြစ်မှု သို့မဟုတ် လိမ်လည်မှုတစ်ခုခုကိုထိုအမှုသည်၏ရှေ့နေအဖြစ်သို့ဆောင်ရွက်ခြင်း စတင်ပြီးနောက်တွင်ကျူးလွန်ထားကြောင်းပေါ်လွင်လျှင်ထိုသို့တွေ့ရှိသောအချက်။

ရှေ့နေက သိရှိထားသည်ဆိုရာ၌အမှုသည် သို့မဟုတ် ယင်း၏ကိုယ်စား ဆောင်ရွက်သူနှင့်ဆက်သွယ်ရာ ၌ သိရှိရသောအကြောင်းခြင်းရာအားလုံးအကျုံးဝင်သည်။ အမှုသည်ကိုယ်တိုင်ဖြစ်စေ၊ ယင်း၏ကိုယ်စား ဖြစ်စေ အတိအလင်းသော်လည်းကောင်း၊ အခြားနည်းဖြင့် သော်လည်းကောင်းသိရှိရသောအကြောင်း ခြင်းရာအားလုံးကိုဆိုလိုသည်။

ရှင်းလင်းချက်။ ။ ဤပုဒ်မတွင်ဖော်ပြထားသော ဆောင်ရွက်ရန်တာဝန်မှာသက်ဆိုင်ရာအမှုတွင် ရှေ့နေ အဖြစ်ဆောင်ရွက်ခြင်းပြီးဆုံးသော်လည်း ဆက်လက်တည်ရှိသည်။

ဥပမာများ

(က) အမှုသည် A ကရှေ့နေ B အား “ကျွန်တော်လိမ်လည်အတုပြုမှုကို ကျူးလွန်ခဲ့၍ကျွန်တော့်အတွက် ခုခံချေပပေးပါ” ဟုပြောသည်။

ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသူအတွက် ခုခံချေပပေးခြင်းသည်ပြစ်မှုမကင်းသည့် အကြံအစည် မဟုတ်သောကြောင့် ထိုပြောဆိုချက်ကိုရှေ့နေကထုတ်ဖော်ပြောဆိုခွင့်မရှိ။

(ခ) အမှုသည် A က ရှေ့နေ B အား “ကျွန်တော်၏လိမ်လည်အတုပြုလုပ်ထားသည့်စာချုပ်ဖြင့် ပစ္စည်း ကိုရယူလိုပါသည်။ ထိုစာချုပ်ဖြင့်တရားစွဲဆိုပေးပါ” ဟုပြောဆိုသည်။

ထိုပြောဆိုချက်မှာ ပြစ်မှုမကင်းသည့်အကြံအစည် ဖြစ်မြောက်ရေးအတွက် ပြောဆိုချက်ဖြစ်၍ရှေ့နေက မထုတ်ဖော် မပြောဆိုဘဲ နေခွင့်မရှိ။

(ဂ) A သည် အလွဲသုံးစားမှုဖြင့် တရားစွဲဆိုခြင်းခံရသဖြင့် မိမိအားခုခံပေးရန် ရှေ့နေ B ကို ငှားရမ်းသည်။ B သည် အမှုကိုလိုက်ပါဆောင်ရွက်နေစဉ်အတွင်း A ၏စာရင်းစာအုပ်တွင် အလွဲသုံးစား ထားသည်ဆိုသော ငွေနှင့်စပ်လျဉ်း၍မိမိအားငှားရမ်းစအချိန်က မတွေ့ရှိခဲ့သော ရေးသွင်းချက်ကို ထိုစာရင်းစာအုပ်တွင် တွေ့မြင်ရသည်။

ထိုကဲ့သို့ B တွေ့မြင်ရသည့် အကြောင်းခြင်းရာမှာမိမိရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေစဉ်အတွင်း သိရှိရသောအကြောင်းခြင်းရာဖြစ်ပြီး အမှုစတင်ဆောင်ရွက်သည့်နောက်မှ လိမ်လည်လှည့်ဖြားမှုကျူး လွန်ထားကြောင်း ထိုအကြောင်းခြင်းရာပေါ်လွင်သဖြင့် B သည် ထိုအကြောင်းခြင်းရာကို မထုတ် ဖော်မပြောဆိုဘဲနေခွင့်မရှိ။