ပေးဆပ်စေရန် ကြွေးမြီမရှိဘဲလျက် ရှိကြောင်းဖြင့် သူတစ်ဦးက တရားမကြောင်း စွဲဆိုသော အမှုတွင် သို့မဟုတ် ပေးဆပ်စေရန်ရှိသည်ထက်ပိုသော ကြွေးမြီအတွက် ထိုသူက တရားမကြောင်း စွဲဆိုသော အမှုတွင် သို့မဟုတ် ထိုသူဆိုင်ပိုင်ခွင့်မရှိသောပစ္စည်းအတွက်ဖြစ်စေ၊ ထိုပစ္စည်းတွင်ရှိသော အကျိုးခံစားခွင့် အတွက်ဖြစ်စေ ထိုသူက တရားမကြောင်း စွဲဆိုသောအမှုတွင် မည်သူမဆို လိမ်လည် လှည့်ဖြား လိုသော သဘောနှင့် မိမိအပေါ်၌ ဒီကရီဖြစ်စေ၊ အမိန့်ဖြစ်စေ ကျစေလျှင် သို့မဟုတ် ဒီကရီ ဖြစ်စေ၊ အမိန့်ဖြစ်စေ ချမှတ်သည်ကိုခံလျှင် သို့မဟုတ် မည်သူမဆို လိမ်လည်လှည့်ဖြားလိုသော သဘော နှင့် ဒီကရီတစ်ခုဖြစ်စေ၊ အမိန့်တစ်ခုဖြစ်စေ ကျေအေး ပြေငြိမ်းပြီးသော်လည်း ထိုကျေအေးပြေငြိမ်းပြီး သော ဒီကရီကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ ဇာရီပြုစေလျှင် သို့မဟုတ် ဇာရီပြုသည်ကိုခံလျှင် သို့မဟုတ် ဒီကရီ ဖြစ်စေ၊ အမိန့်ဖြစ်စေ ကျေအေးပြေငြိမ်းပြီးခြင်းနှင့် သက်ဆိုင်သော အရာဝတ္ထုအတွက် ဒီကရီကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ ဇာရီပြုစေလျှင် သို့မဟုတ် ဇာရီပြုသည်ကိုခံလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဥပမာ
A သည် Z အပေါ်၌ တရားမကြောင်းစွဲဆို၏။ A ဒီကရီအနိုင်ရတန်ရာသည်ကို Z သိ၏။ ထိုသို့သိသဖြင့် ပို၍များသော ငွေအတွက် B က Z ကို စွဲသောအမှုတွင် Z သည် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် မိမိအပေါ်၌ စီရင်ချက် ချမှတ်ခြင်းကိုခံသည်။ အမှန်စင်စစ်မှာ တရားစွဲသော B သည် Z အပေါ်၌ တောင်းဆိုပိုင်ခွင့်ရှိသူ မဟုတ်ချေ။ Z ထိုသို့ စီရင်ချက် ချမှတ်ခြင်း ခံသည်မှာ B က သူ့အတွက်ဖြစ်စေ၊ Z ၏ အကျိုးအတွက်ဖြစ်စေ A အနိုင်ရသော ဒီကရီအရ Z ၏ ပစ္စည်းရောင်းရငွေထဲမှ ခွဲဝေယူလိုသောကြောင့် ဖြစ်သည်။ Z သည် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သည်။