ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နိုင်ငံတော်သမ္မတက အထူးအာဏာ အပ်နှင်းခြင်းခံရသည့် ပထမတန်း အာဏာရ တရားသူကြီးသည် -
(က) အကြည်ညိုပျက်စေမည့်အကြောင်းအရာ၊ တစ်နည်းဆိုရလျှင်ထုတ်ဝေလျှင်ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က အရ ပြစ်ဒဏ် ထိုက်သင့်သော အကြောင်းအရာ တစ်စုံတစ်ရာ သို့မဟုတ် -
(ကက) ထုတ်ဝေလျှင် ပုဒ်မ ၁၂၄-ခ အရ ပြစ်ဒဏ်ထိုက်သင့်သော အကြောင်းအရာ တစ်စုံ တစ်ရာ သို့မဟုတ်
(ခ) ထုတ်ဝေလျှင် ရာဇသတ်ကြီးပုဒ်မ ၁၅၃-က အရ ပြစ်ဒဏ်ထိုက်သင့်သော အကြောင်းအရာ တစ်စုံတစ်ရာ သို့မဟုတ်
(ဂ) ရာဇသတ်ကြီးအရ ပြစ်မှုမကင်းသော ခြောက်လှန့်မှု သို့မဟုတ် အသရေဖျက်မှု မြောက်သော တရားသူကြီးတစ်ဦးနှင့် သက်ဆိုင်နေသော အကြောင်းအရာ တစ်စုံတစ်ရာ ကို မိမိစီရင်ပိုင်ခွင့် အာဏာ နယ်မြေအတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ၊ နှုတ်အားဖြင့်သော် လည်းကောင်း၊ ရေးသားခြင်းဖြင့်သော်လည်းကောင်း၊ အခြားနည်း တစ်နည်းနည်းဖြင့် သော်လည်းကောင်း တမင်လှုံ့ဆော်သူ၊ လှုံ့ဆော်ရန် ကြိုးစားအားထုတ်သူ၊ လှုံ့ဆော်ရန် တစ်နည်းနည်းဖြင့် အားပေး ကူညီသူတစ်ဦးမှာ မိမိစီရင်ပိုင်ခွင့်အာဏာ နယ်မြေအတွင်း ရောက်ရှိနေကြောင်း သတင်းရရှိသည့်အခါ ထို တရားသူကြီးသည် သင့်သည်ထင်မြင်သည့် တစ်နှစ်ထက်မပိုသော ကာလ အပိုင်းအခြားအတွင်း ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန် အတွက် အာမခံသူများ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ခံဝန်ချုပ်ဆိုရန် အမိန့်မထုတ် သင့်ကြောင်း အကြောင်းပြ ထုချေစေရန်အတွက် အရေးယူရန်အကြောင်း လုံလောက် သည်ဟု ထင်မြင်လျှင် ထိုတရားသူကြီးသည် အောက်တွင် ပြဋ္ဌာန်းပါရှိသည့် နည်းလမ်းဖြင့် တောင်းဆိုနိုင်သည် -
နိုင်ငံတော်သမ္မတ၏အမိန့် သို့မဟုတ် အခွင့်အာဏာအရမှတစ်ပါး၊ နိုင်ငံတော်သမ္မတက ဤကိစ္စ အတွက် အာဏာအပ်နှင်းခြင်းခံရသူ အရာရှိတစ်ဦးဦး၏ အမိန့်အရမှတစ်ပါး ပုံနှိပ်တိုက်များ (မှတ်ပုံတင်ခြင်း) အက်ဥပဒေ၌ သတ်မှတ်ထားသော စည်းကမ်းဥပဒေများနှင့်အညီ မှတ်ပုံတင် တည်းဖြတ်၊ ပုံနှိပ် ထုက်ဝေသော စာစောင်တစ်ခု၏ အယ်ဒီတာ၊ ပိုင်ရှင်၊ ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူကို ဤပုဒ်မအရ အမှုစွဲဆိုခြင်းမပြုရ။