နှစ်ပေါင်း ၃၀ ကြာမြင့်ပြီဆိုသော သို့မဟုတ် ထိုမျှ ကြာမြင့်ကြောင်းသက်သေထင်ရှားပြီးဖြစ်သော စာချုပ်စာတမ်းတစ်ခုခုကိုသက်ဆိုင်ရာအမှုကိစ္စအတွက် ရုံးသို့တင်ပြသည့်အခါ ထိုစာချုပ်စာတမ်းကို သင့်တော်စွာ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု တရားရုံးကယူဆလျှင်ယင်းစာချုပ်စာတမ်းတွင် တစ်ဦး တစ်ယောက်လက်မှတ်ဖြစ်သည်ဆိုသော ထိုးမြဲလက်မှတ်နှင့်အခြားအစိတ်အပိုင်းအသီးသီးမှာ ထိုသူ၏ လက်ရေးဖြင့်ဖြစ်သည်ဟု တရားရုံးကမှတ်ယူနိုင်သည်။ ထို့ပြင်ချုပ်ဆိုထားသော စာချုပ်စာတမ်းဖြစ်လျှင် ယင်းစာချုပ်စာတမ်းကို ချုပ်ဆိုသည် သို့မဟုတ် အသိသက်သေအဖြစ်လက်မှတ်ရေးထိုးသည်ဆို သောသူများက နည်းလမ်းတကျချုပ်ဆိုခြင်း၊ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်ဟု တရားရုံးကမှတ်ယူနိုင်သည်။
ရှင်းလင်းချက် ။ စာချုပ်စာတမ်းများသည် သဘာဝအတိုင်း ရှိထိုက်သည့်နေရာတွင်ရှိနေ၍ စောင့် ရှောက် သင့်သူက ထိန်းသိမ်းထားရှိလျှင် သင့်တော်စွာ ထိန်းသိမ်းထားရှိသည်ဟုဆိုရမည်။ သို့သော် လည်း ထိန်းသိမ်းထားရှိခြင်းမှာ မူလကတည်းကပင် တရားဝင်ဖြစ်ကြောင်းသက်သေထင်ရှားထား ရှိလျှင် သို့မဟုတ် သက်ဆိုင်ရာအမှုကိစ္စ၏အခြေအနေကိုထောက်၍ မူလကတည်းကပင် ထိုသို့ ထိန်းသိမ်းထားရှိခြင်း ဖြစ်ဖွယ်ရာရှိလျှင်ထိုသို့ထိန်းသိမ်းထားရှိခြင်းမှာလည်း ရှိထိုက်သည့် နေရာတွင် ထိန်းသိမ်းထားရှိခြင်း ဖြစ်သည်ဟုဆိုရမည်။
ဤရှင်းလင်းချက်သည် ပုဒ်မ ၈၁ နှင့်လည်းသက်ဆိုင်သည်။
ဥပမာများ
(က) A သည်ကာလကြာမြင့်စွာမြေကိုလက်ရှိဖြစ်သည်။ ထိုမြေနှင့်စပ်လျဉ်း၍မိမိပိုင်ဆိုင်ခွင့်ရှိကြောင်း ဖော်ပြသောစာချုပ်စာတမ်းများကို မိမိထိန်းသိမ်းထားရှိရာ နေရာမှတင်ပြသည်။ထိုသို့ထိန်းသိမ်းထား ရှိခြင်းမှာသင့်တော်သည်။
(ခ) မြေအပေါင်ခံသူ A သည်ထိုမြေနှင့်စပ်လျဉ်းသည့် စာချုပ်စာတမ်းများကို တင်ပြသည်။ ထိုမြေမှာ ပေါင်နှံသူ၏လက်တွင်ရှိသည်။ ထိုသို့ထိန်းသိမ်းထားရှိခြင်းမှာ သင့်တော်သည်။
(ဂ) B နှင့်အဆက်အသွယ်ရှိသော A ထံတွင်လုံခြုံစွာ ထိန်းသိမ်းထားရန် B ကအပ်နှံထားသည့် B လက် ရှိဖြစ်သော မြေများနှင့်စပ်လျဉ်းသည့်စာချုပ်စာတမ်းများကို A ကတင်ပြသည်။ ထိုသို့ ထိန်းသိမ်းထားရှိ ခြင်းမှာ သင့်တော်သည်။