ပုဒ်မ ၂၅၇
ပုဒ်မ ၂၅၇
တရားခံ လျှောက်ထားချက်အရ သက်သေခံချက် တင်ပြစေရန် အတင်းအကြပ်ပြုလုပ်ခြင်း

(၁) တရားခံအနေဖြင့် မိမိဘက်မှ ချေပရမည့်အဆင့်သို့ရောက်ရှိ၍ သက်သေ တစ်ဦးတစ်ယောက်ကို စစ်ဆေးရန်၊ သို့မဟုတ် ပြန်လှန်စစ်ဆေးရန်အတွက် ဆင့်ခေါ်ပေးရန်လည်း ကောင်း၊ စာတမ်းအမှတ်အသားတစ်ခုခုကိုဖြစ်စေ၊ အခြားပစ္စည်းကိုဖြစ်စေ တင်ပြစေရန်အတွက် ဆင့်ဆိုပေးရန်လည်းကောင်း လျှောက်ထားခဲ့လျှင် ရာဇဝတ်တရားသူကြီးက ဆင့်စာထုတ်ပေးရမည်။ အကယ်၍ တရားခံက ယင်းသို့ဆင့်ဆိုပေးရန် လျှောက်ထားခြင်းမှာ အနှောင့်အယှက်ပြုရန်၊ သို့မဟုတ် ကြန့်ကြာစေရန်၊ သို့မဟုတ် တရားမျှတစွာဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန်ကိစ္စအလို့ငှာ ပြုလုပ်သည်ဟုယုံကြည်ပါက ယင်းလျှောက်ထားချက်ကို ရာဇဝတ်တရားသူကြီးက ငြင်းဆိုနိုင်သည်။ ထိုသို့ ငြင်းဆိုသည့်အခါ မည်သည့်အတွက် ငြင်းဆိုရကြောင်းကို ရေးသား မှတ်တမ်းတင်ထားရမည်။

သို့ရာတွင် ယင်းသို့ဆင့်ခေါ်ပေးရမည့် သက်သေကို တရားခံက ပြန်လှန်မေးမြန်း ပြီးဖြစ်လျှင်၊ သို့မဟုတ် စွဲချက်တင်ပြီးသည့် နောက်ပိုင်းကာလ၌ ယင်းသက်သေအား တရားခံက ပြန်လှန်မေးမြန်းရန်အခွင့် အရေးရခဲ့ပြီးဖြစ်လျှင် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးအတွက် ဆင့်ခေါ် စစ်ဆေးရန်လိုအပ်သည်ဟု ရာဇဝတ်တရားသူကြီးက ယုံကြည်သည့်အခါမှတစ်ပါး ထိုသက်သေကို ဤပုဒ်မအရ ဆင့်ခေါ်ခြင်းမပြုရ။

(၂) ဆိုခဲ့သည့် လျှောက်ထားချက်အရ သက်သေတစ်စုံတစ်ယောက်ကို မဆင့်ခေါ်မီ စစ်ဆေးရန်ကိစ္စများအလို့ငှာ ၎င်းသက်သေလာရောက်ရသည့်အတွက် သင့်လျော်သည့် ကုန်ကျမည့် စရိတ်များကို တရားရုံးသို့တင်ထားစေရန် ရာဇဝတ်တရားသူကြီးက ဆင့်ဆိုနိုင်သည်။