(၁) ဆိုခဲ့သည့်အတိုင်း ကန့်ကွက်ချက်ကို ကြားနာရန်အလို့ငှာ စက်ရှင်တရား သူကြီးသည် ခရိုင်ရာဇဝတ်တရားသူကြီးနှင့်အတူ အကြောင်းကြားစာတွင် ပါရှိသည့် နေ့ရက် အချိန်တွင် ရုံးထိုင်၍ စာရင်းကို ထပ်မံသုံးသပ်ပြီး ၎င်းစာရင်းကိုပြင်ဆင်ရန်နှင့်စပ်လျဉ်း၍ သက်ဆိုင်သူတို့၏ ကန့်ကွက်ချက် (ရှိခဲ့လျှင်) ကြားနာပြီးနောက် ၎င်းတို့၏ သဘောတွင် ဂျူရီလူကြီး အဖြစ် ဆောင်ရွက်ရန် သင့်တော်ခြင်းမရှိသူ၊ သို့မဟုတ် ပုဒ်မ ၃၂ဝ အရ ဆောင်ရွက်ရန် တာဝန်ကင်းလွတ်ခွင့်ရှိကြောင်း အထင်အရှားတင်ပြနိုင်သူတို့၏ အမည်ကို စာရင်းမှ ထုတ်ပယ်ရမည်။ ထို့နောက် ၎င်းတို့က ဂျူရီလူကြီးအဖြစ် ဆောင်ရွက်ရန် သင့်တော်သည်ဟု ယူဆသည့် စာရင်းတွင် ချန်လှပ်ထားသူ၏အမည်ကို ထည့်သွင်းရမည်၊
(၂) စက်ရှင်တရားသူကြီးနှင့် ခရိုင်ရာဇဝတ်တရားသူကြီးတို့ သဘောထားကွဲလွဲလျှင် ဂျူရီလူကြီးအဖြစ် ရည်ရွယ်သူ၏အမည်ကို စာရင်းမှ ချန်လှပ်ထားရမည်။
(၃) ပြင်ဆင်ထားသော စာရင်းကို စက်ရှင်တရားသူကြီးနှင့် ခရိုင်ရာဇဝတ် တရားသူကြီးတို့က လက်မှတ်ရေးထိုးပြီး တရားရုံးအရာရှိထံ ပေးပို့ရမည်။
(၄) စာရင်းပြုစုရာတွင်လည်းကောင်း၊ ပြင်ဆင်ရာတွင်လည်းကောင်း စက်ရှင်တရားသူကြီးနှင့် ခရိုင်ရာဇဝတ်တရားသူကြီးတို့က ချမှတ်သည့်အမိန့်သည် အပြီးသတ် အတည်ဖြစ် စေရမည်။
(၅) ဤပုဒ်မအရ ကင်းလွတ်ခွင့် တစ်စုံတစ်ရာကို တောင်းခံခြင်းမပြုလျှင် ထိုစာရင်းကို နောက်တစ်ကြိမ် ထပ်မံပြင်ဆင်သည့်တိုင်အောင် ကင်းလွတ်ခွင့်ကို စွန့်လွှတ်သည်ဟု မှတ်ယူရမည်။
နှစ်စဉ်ပြင်ဆင်ချက်စာရင်း။
(၆) ထိုကဲ့သို့ ပြုစုသည့်၊ ပြင်ဆင်သည့် စာရင်းကို တစ်နှစ် တစ်ကြိမ် ထပ်မံပြင်ဆင်ရမည်။
(၇) ဆိုခဲ့သည့်အတိုင်း ထပ်မံပြင်ဆင်ပြီး စာရင်းကို စာရင်းသစ်ဖြစ်ကြောင်း မှတ်ယူရမည်။ ၎င်းစာရင်းသစ်မှာလည်း မူလပြုစုထားသည့် စာရင်းနှင့်စပ်လျဉ်း၍ အထက်တွင် ပါရှိသည့် နည်းဥပဒေအသီးသီးနှင့် သက်ဆိုင်စေရမည်။