ပုဒ်မ ၃၂
ပုဒ်မ ၃၂
သက်သေများအဖြစ်ဆင့်ခေါ်၍ မရနိုင်သူတို့၏ ထွက်ဆိုချက်များအကြောင်း

သေဆုံးသူ၊ ရှာ၍မတွေ့နိုင်သူအစရှိသောသူတစ်ဦးဦးက အမှု၌စပ်ဆိုင်သောအကြောင်းခြင်းရာကို ထွက်ဆိုချက်သည် မည်သည့်ကိစ္စများ၌စပ်ဆိုင်ခြင်း။

သေဆုံးသူကဖြစ်စေ၊ ရှာ၍မတွေ့နိုင်သူကဖြစ်စေ၊ သက်သေခံချက်မပေးနိုင်သည့်အဖြစ်သို့ရောက်ရှိ သူကဖြစ်စေ၊ အမှု၏အခြေအနေကို ထောက်ချင့်၍ ထိုသူလာရောက်စေရန်အတွက်ကြန့်ကြာမည့်အချိန် သို့မဟုတ် ကုန်ကျမည့် စရိတ်သည်သင့်တော်ခြင်းမရှိဟု တရားရုံးက ထင်မြင်သည့်ကိစ္စ၌ထိုသူက ဖြစ်စေ၊ အမှု၌စပ်ဆိုင်သောအကြောင်းခြင်းရာများကို စာဖြင့်ရေးသားချက်သို့မဟုတ် နှုတ်ဖြင့် ပြောဆို ချက်များရှိပါက အဆိုပါထွက်ဆိုချက်များသည်ပင်လျှင် အောက်ပါကိစ္စများတွင်အမှု၌ စပ်ဆိုင်သော အကြောင်းခြင်းရာများဖြစ်သည်-

သေဆုံးရခြင်းအကြောင်းရင်းနှင့်သက်ဆိုင်သည့်ကိစ္စ။

(၁) လူတစ်ဦးတစ်ယောက်မည်သည့်အကြောင်းကြောင့် သေဆုံးကြောင်းပြဿနာပေါ်ပေါက်သည့်ကိစ္စ များတွင် ထိုသူသေဆုံးရခြင်း၏အကြောင်းရင်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ထိုသူသေဆုံးရသည့်အဖြစ်အပျက် ဖြစ်ပွားစဉ်က အခြေအနေတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ထိုသူကိုယ်တိုင်ကထွက်ဆိုသည့်ကိစ္စ၊

ထိုသို့ ထွက်ဆိုခဲ့သူသည်ထွက်ဆိုစဉ်အခါက မိမိသေရမည်ဟုတွေးထင်ရန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထို့ပြင် မည်သည့် အကြောင်းကြောင့် ထိုသူသေဆုံးရကြောင်းပြဿနာပေါ်ပေါက်ရာမှုခင်းမှာလည်း မည်သည့်မှုခင်းမျိုးပင်ဖြစ်စေ၊ အဆိုပါထွက်ဆိုချက်များမှာ အမှု၌ စပ်ဆိုင်သည်။

သို့မဟုတ် လုပ်ရိုးလုပ်စဉ်အရလုပ်ကိုင်သည့်ကိစ္စ။

(၂) ထိုသူက သာမန်လုပ်ရိုးလုပ်စဉ်အရ လုပ်ကိုင်ရာတွင်ရေးသားခြင်းသို့မဟုတ် ပြောဆိုခြင်းပြုသည့်ကိစ္စ၊ ထို့ပြင် အထူးသဖြင့် သာမန်လုပ်ရိုးလုပ်စဉ်အရ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာတာဝန် ထမ်းဆောင်ရာတွင်ဖြစ်စေ၊ ထားရှိသောစာအုပ်များ၌ ထိုသူ၏ရေးသွင်းချက်သို့မဟုတ် မှတ်တမ်းတင် ချက်၊ ငွေကြေးဖြစ်စေ၊ ကုန်စည်ဖြစ်စေ၊ အာမခံစာချုပ်စာတမ်း သို့မဟုတ် ပစ္စည်းတစ်မျိုးမျိုးဖြစ်စေ ရရှိကြောင်း ထိုသူရေးသားထားသော သို့မဟုတ် လက်မှတ်ရေးထိုးထားသော ကူးသန်းရောင်းဝယ်မှုပြုရာ၌ သုံးခဲ့သည့် စာရွက်စာတမ်း၊ ရက်စွဲတပ်၍ ရေးသားလေ့ရှိသည့်ထိုသူရေးသားသော သို့မဟုတ် လက်မှတ်ထိုးသောပေးစာ သို့မဟုတ် အခြားစာရွက်စာတမ်းပါရက်စွဲ။

သို့မဟုတ်ထွက်ဆိုချက်မှာ ထွက်ဆိုသူ၏အကျိုးနှင့် ဆန့်ကျင်သည့်ကိစ္စ။

(၃) ထွက်ဆိုချက်မှာ ထွက်ဆိုသူ၏ ငွေရေးကြေးရေးအကျိုးခံစားခွင့်နှင့်ဖြစ်စေ၊ ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် ဖြစ်စေ၊ ဆန့်ကျင်သည့်ကိစ္စသို့မဟုတ် ထိုထွက်ဆိုချက်မှန်ကန်လျှင် ထိုသူအပေါ်ပြစ်မှုဆိုင်ရာ မှုခင်းဖြစ် စေ လျော်ကြေးရရန်တရားမမှုဖြစ်စေ စွဲဆိုနိုင်မည် သို့မဟုတ် စွဲဆိုပြီး ဖြစ်မည့်ကိစ္စ။

သို့မဟုတ် အများပြည်သူတို့၏အခွင့်အရေး၊ ဓလေ့ထုံးတမ်းတို့နှင့်စပ်လျဉ်း၍ ဖြစ်စေ အများအကျိုး နှင့်သက်ဆိုင်သည့်အကြောင်းကိစ္စနှင့်စပ်လျဉ်း၍ဖြစ်စေ ထင်မြင်ချက်ပေးသည့်ကိစ္စ။

(၄) အများပြည်သူတို့၏အခွင့်အရေး သို့မဟုတ် ဓလေ့ထုံးတမ်းသော်လည်းကောင်း၊ အများပြည်သူတို့ ၏ အကျိုးနှင့်သက်ဆိုင်သော အကြောင်းကိစ္စသော်လည်းကောင်းအမှန်တကယ်ရှိ မရှိနှင့်စပ်လျဉ်း၍ထိုသူက မိမိ၏ထင်မြင်ချက်ကိုထွက်ဆိုရေးသားသည့်ကိစ္စ ယင်းတို့ရှိကြောင်းကို အမှန်ရှိလျှင် ထိုသူသည် သိရှိပြီး ဖြစ်ရမည့်အပြင်ထိုထွက်ဆိုချက်သည်လည်း အဆိုပါ အခွင့်အရေး၊ ဓလေ့ထုံးတမ်း၊ အကြောင်း ကိစ္စတစ်ခုခုနှင့်စပ်လျဉ်း၍ အငြင်းမပွားမီက ထွက်ဆိုချက်ဖြစ်ရမည်။

သို့မဟုတ် ဆွေမျိုးတော်စပ်ခြင်းရှိ မရှိနှင့်သက်ဆိုင်သည့်ကိစ္စ။

(၅) ထွက်ဆိုချက်မှာ လူတစ်ဦးနှင့်တစ်ဦး သွေးသားတော်စပ်ခြင်းသို့မဟုတ် ထိမ်းမြားခြင်းသို့မဟုတ် မွေးစားခြင်းဖြင့် ဆွေမျိုးတော်စပ်ခြင်းရှိ မရှိဟူသည့် အချက်နှင့် သက်ဆိုင်သည့်ကိစ္စ၊ ထိုသို့ သွေးသား တော်စပ်ခြင်း၊ ထိမ်းမြားခြင်း၊ မွေးစားခြင်းဖြင့်တစ်ဦးနှင့်တစ်ဦး ဆွေမျိုးတော်စပ်သည့်အကြောင်းကို အဆိုပါထွက်ဆိုသူသည် အထူးသဖြင့် သိနိုင်သော အခွင့်အလမ်းရှိ ပြီး ယင်းထွက်ဆိုချက်သည်လည်း အငြင်းပွားသည့်ပြဿနာမပေါ်ပေါက်မီကထွက်ဆိုချက်ဖြစ်ရမည်။

သို့မဟုတ် မိသားစု အရေးကိစ္စများနှင့် သက်ဆိုင်သောသေတမ်းစာသို့မဟုတ် စာချုပ်စာတမ်းတွင်ဖော်ပြသည့်ကိစ္စ။

(၆) ထိုဖော်ပြချက်မှာကွယ်လွန်သူတစ်ဦးနှင့်တစ်ဦး သွေးသားတော်စပ်၍ဖြစ်စေ၊ ထိမ်းမြား၍ဖြစ်စေ၊ မွေးစား၍ဖြစ်စေ၊ဆွေမျိုးတော်စပ်ခြင်း ရှိ မရှိဟူသောအချက်နှင့်သက်ဆိုင်သည့်ကိစ္စ၊ ထိုဖော်ပြချက်ကိုကွယ်လွန်သူ တစ်ဦးဦးပါဝင်သောမိသားစု၏အရေးကိစ္စများနှင့်သက်ဆိုင်သောသေတမ်းစာ သို့မဟုတ် စာချုပ်စာတမ်းတစ်ခုခုတွင်လည်းကောင်း၊ မိသားစုဆွေစဉ်မျိုးဆက် စာရင်းတစ်ခုခုတွင်သော်လည်း ကောင်း၊ အဆိုပါဖော်ပြချက်များပြုလုပ်လေ့ပြုလုပ်ထရှိရာ သင်္ချိုင်းကမ္ဗည်းကျောက်ပြားသို့မဟုတ် မိသားစုရုပ်ပုံ၊သို့မ ဟုတ် အခြားအရာဝတ္ထုတစ်ခုခုပေါ်တွင် သော်လည်းကောင်း ပြုလုပ်ထားခြင်းဖြစ်ပြီး ဖော်ပြချက်သည် လည်း အငြင်းပွားသည့် ပြဿနာမပေါ်ပေါက်မီက ပြုလုပ်ချက် ဖြစ်ရမည်။

သို့မဟုတ် ပုဒ်မ ၁၃၊ အပိုဒ်(က) တွင်ဖော်ပြထားသောအမှုကိစ္စနှင့်သက်ဆိုင်သည့်စာတမ်းအမှတ် အသား တွင်ပါရှိသည့်ကိစ္စ။

(၇) ထိုရေးသားဖော်ပြချက်သည် ပုဒ်မ ၁၃၊ အပိုဒ် (က) တွင်ဖော်ပြထားသည့် အမှုကိစ္စတစ်ခုခုနှင့် သက် ဆိုင်သော စာချုပ်စာတမ်း သို့မဟုတ် သေတမ်းစာ သို့မဟုတ် အခြားစာတမ်းအမှတ်အသားတစ်ခုခုတွင် ပါလိုဆောင်ရွက်မှုရှိနေသည့်ကိစ္စ။

သို့မဟုတ် အချင်းဖြစ်ကိစ္စနှင့်စပ်ဆိုင်သောခံစားချက်ကိုဖော်ပြလျက်၊ လူအများကထွက်ဆိုခြင်းပြု သည့်ကိစ္စ။

(၈) ထိုထွက်ဆိုချက်ကိုလူအများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းထွက်ဆိုချက်သည် အချင်းဖြစ်ကိစ္စနှင့် စပ်ဆိုင်သော ထိုသူ၏ခံစားချက်သို့မဟုတ်ထင်မြင်ချက်ကိုဖော်ပြခြင်းဖြစ်သည့်ကိစ္စ။

ဥပမာများ

(က) ပြဿနာမှာ B က A ကိုသတ်မသတ်ဖြစ်သည် သို့မဟုတ်

A သည် မုဒိမ်းပြုကျင့်ခြင်းခံရစဉ်က ရရှိသော ဒဏ်ရာများကြောင့်သေဆုံးရာ၊ ပြဿနာမှာ A ကို B က မုဒိမ်းကျင့်ခြင်းဟုတ် မဟုတ်ဖြစ်သည် သို့မဟုတ်

ပြဿနာမှာ A ကို B ကသတ်ရာတွင် A ၏မယားမုဆိုးမ၌ B အပေါ်တရားမမှု စွဲဆိုခွင့်ရှိစေမည့်အခြေ အနေများအရ A ကို B က သတ်မသတ်ဖြစ်သည်။

စဉ်းစားဆဲဖြစ်သည့် လူသတ်မှု၊ မုဒိမ်းမှု၊ တရားစွဲဆိုခွင့်ရှိသော နစ်နာမှုအသီးသီးနှင့် စပ်လျဉ်း၍ A သို့မ ဟုတ် သူက ယင်းသေဆုံးရခြင်း၏အကြောင်းရင်းနှင့်ပတ်သက်၍ ပြောဆိုချက်များသည်စပ်ဆိုင်သော အကြောင်းခြင်းရာများဖြစ်သည်။

(ခ) ပြဿနာမှာ A ၏ မွေးရက်သည် မည်သည့်နေ့ရက်ဖြစ်သည်။

ကွယ်လွန်သူ ဆရာဝန်တစ်ဦးက လုပ်ရိုးလုပ်စဉ်အရ အမြဲထားရှိသော နေ့စဉ်မှတ်တမ်းစာအုပ်တွင်မည် သည့်နေ့ရက်က မိမိသည် A ၏မိခင်အား သားယောက်ျားတစ်ယောက်မွေးဖွားပေးရကြောင်း ရေးသားထားချက်သည်စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

(ဂ) ပြဿနာမှာ A သည် ဖော်ပြပါနေ့ရက်တစ်ရက်တွင် ရန်ကုန်မြို့၌ ရှိ မရှိဖြစ်သည်။

ကွယ်လွန်သူ တရားရုံးချုပ်ရုံးရှေ့နေတစ်ဦးက လုပ်ရိုးလုပ်စဉ်အရ အမြဲထားရှိသော နေ့စဉ်မှတ်တမ်း စာအုပ်တွင်အဆိုပါနေ့ရက်၌သတ်မှတ်ဖော်ပြသည့်အလုပ်ကိစ္စနှင့် စပ်လျဉ်း၍ A နှင့် တိုင်ပင်ဆွေးနွေးရန်အလို့ငှာ ရန်ကုန်မြို့ရှိဖော်ပြထားသည့်နေရာတွင် ထိုရှေ့နေက A နှင့် တွေ့ဆုံကြောင်းရေးသားထားချက် သည် စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

(ဃ) ပြဿနာမှာ သင်္ဘောတစ်စင်းသည် ဖော်ပြပါ နေ့ရက်တစ်ရက်တွင် ရန်ကုန်ဆိပ်ကမ်းမှထွက်ခွာခြင်း ရှိ မရှိဖြစ်သည်။

သင်္ဘောကို ငှားရမ်းသည့် ကုန်သည်လုပ်ငန်းမှ ကွယ်လွန်သူလုပ်ငန်းအဖွဲ့ဝင်တစ်ဦးက လန်ဒန်မြို့ရှိ ကုန် စည်ပို့အပ်ခြင်းခံရမည့်သူများထံသို့ အဆိုပါ သင်္ဘောသည် ပြဆိုသည့် နေ့ရက်တွင်ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်းရေးသားလိုက်သည့် စာသည်စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

(င) ပြဿနာမှာ မြေကွက်တစ်ကွက်အတွက်ငှားရမ်းခကို A သို့ပေးပြီးခြင်းရှိ မရှိဖြစ်သည်။

A ၏ကွယ်လွန်သည့်ကိုယ်စားဆောင်ရွက်သူထံမှ မိမိသည်အဆိုပါငှားရမ်းခကို A အတွက်ရရှိပြီးဖြစ် ကြောင်းနှင့် ငှားရမ်းခကို A ၏အမိန့်အရ မိမိလက်ဝယ်ထားရှိကြောင်းဖြင့် A ထံသို့ရေးသောစာသည် စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။

(စ) ပြဿနာမှာ A နှင့် B တို့သည် တရားဝင်ထိမ်းမြားခဲ့ခြင်း ရှိမရှိဖြစ်သည်။

ကွယ်လွန်သူ ခရစ်ယာန်ဘုန်းကြီးက A နှင့် B တို့ကို မိမိထိမ်းမြားပေးခဲ့ရာ၌ ထိမ်းမြားမင်္ဂလာအခမ်း အနားကျင်းပလျှင်ပြစ်မှုမြောက်မည့် အခြေအနေရှိလျက်နှင့်ထိမ်းမြားပေးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်သည်စပ်ဆိုင်သည်။

(ဆ) ပြဿနာရှာ၍ မတွေ့နိုင်သူ A ကစာတစ်စောင်ကိုသတ်မှတ်ထားသော နေ့ရက်တစ်ရက်၌ ရေးမရေးဖြစ်သည်။

A ရေးသောစာတစ်စောင်တွင်ထိုနေ့ရက်ဖြင့် နေ့စွဲတပ်ထားသည်ဆိုသောအချက်သည်စပ်ဆိုင်သည်။

(ဇ) ပြဿနာမှာ သင်္ဘောတစ်စင်းသည် မည်သည့်အကြောင်းကြောင့် ပျက်စီးရကြောင်းဖြစ်သည်။

ဆင့်ခေါ်၍မရနိုင်သော သင်္ဘောမှူးက ယင်း၌တာဝန်မရှိကြောင်း ကန့်ကွက်ထားချက်မှာစပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။

(ဈ) ပြဿနာမှာ ဖော်ပြပါ လမ်းတစ်လမ်းသည် အများပြည်သူဆိုင်ရာလမ်း ဟုတ်မဟုတ် ဖြစ်သည်။

ကွယ်လွန်သူရွာသူကြီး A ကအဆိုပါလမ်းသည် အများပြည်သူတို့သွားလာရာလမ်းဖြစ်သည်ဟု ပြောဆို ချက်သည် စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

(ည) ပြဿနာမှာ သတ်မှတ်ထားသောနေ့ရက်တစ်ရက်တွင်တစ်စုံတစ်ခုသော ဈေးကွက်၌ သီးနှံဈေး မည်မျှပေါက်ကြောင်းဖြစ်သည်။

ကွယ်လွန်သူကုန်သည်တစ်ဦးက မိမိ၏သာမန်လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ကိုင်ရာတွင် သီးနှံဈေးမည်ရွှေ့မည်မျှဖြစ်ကြောင်းထွက်ဆိုချက်သည် စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

(ဋ) ပြဿနာမှာ ကွယ်လွန်သူ A သည် B ၏ဖခင်ဟုတ်မဟုတ်ဖြစ်သည်။

A က B သည် မိမိ၏သားဖြစ်ကြောင်း ထွက်ဆိုချက်သည် စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။

(ဌ) ပြဿနာမှာ A သည်မည်သည့် နေ့ရက်တွင်မွေးဖွားကြောင်းဖြစ်သည်။

A ၏ဖခင်ကွယ်လွန်သူကယင်း၏မိတ်ဆွေတစ်ဦးထံသို့ A သည်ဤမည်သောနေ့ရက်တွင် မွေးဖွား ကြောင်းရေးသားသည့်စာသည် စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

(ဍ) ပြဿနာမှာ A နှင့် B တို့သည်ထိမ်းမြားခြင်း ပြုမပြုနှင့် ထိမ်းမြားခြင်းပြုလျှင်လည်းမည်သည့် အခါကပြုကြောင်းဖြစ်သည်။

B ၏ ဖခင်ကွယ်လွန်သူ C က မိမိ၏သမီးနှင့် A တို့သည် ဖော်ပြပါနေ့ရက်တွင်ထိမ်းမြားကြောင်းဖြင့် မှတ်တမ်းစာအုပ်တွင်ရေးသားထားချက်မှာ စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

(ဎ) ဈေးဆိုင်ပြတင်းပေါက်တွင် လူအများမြင်သာအောင် ပြသထားသော ရယ်ဖွယ်ဖြစ်အောင် ရေးဆွဲထား သည့်ရုပ်ပုံကားချပ်တွင် ပါရှိသည့်အသရေပျက်စေသောစာအမှတ်အသားကြောင့် A က B ကိုတရားစွဲဆို သည်။ ပြဿနာမှာရုပ်ပုံသဏ္ဌာန်တူမတူနှင့် အသရေပျက်စေသည့် သဘောလက္ခဏာ ရှိမရှိဖြစ်သည်။ဤအချက်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းကြည့်ရှုကြသူတို့၏ မှတ်ချက်များကို သက်သေ ထင်ရှားတင်ပြနိုင် သည်။