သူတစ်ဦးဦး၏ အကျိုးငှာပြုရာတွင် ထိုသူက ဘေးအန္တရာယ်ကိုခံယူရန် သို့မဟုတ် ကျရောက်နိုင်သည့် ဘေးအန္တရာယ်ကိုခံယူရန် အတိအလင်းဖြစ်စေ၊ သဘောသက်ရောက်စေခြင်းဖြင့်ဖြစ်စေ သဘောတူလျှင် သေစေရန် အကြံမရှိဘဲ သဘောရိုးဖြင့်ပြုသော ပြုလုပ်မှုသည် ထိုသူအား ဘေးအန္တရာယ် ဖြစ်စေနိုင်သည် ဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ဘေးအန္တရာယ်ဖြစ်စေရန် ပြုလုပ်သူက ကြံရွယ်သည် ဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ဘေးအန္တရာယ်ဖြစ်စေတန်ရာသည်ကို ပြုလုပ်သူက သိနိုင်သည်ဟူသော အကြောင်းကြောင့်သော်လည်းကောင်း ပြစ်မှုမမြောက်စေရ။
ဥပမာ
ခွဲစိတ်ဆရာဝန် A သည် တစ်စုံတစ်ရာသော ခွဲစိတ်ကုသခြင်းပြုပါက သေစေတန်ရာသည်ကိုသိလျက် နာကျင်သော ဝေဒနာခံစားနေရသော Z ကို Z ၏ သဘောတူချက်ဖြင့် Z ၏ အကျိုးငှာ အသုံးပြုနေကျဖြစ်သော ခွဲစိတ်ကုသသည့် ကိရိယာတန်ဆာများဖြင့် ခွဲစိတ်ကုသ၏။ ခွဲစိတ်ကုသစဉ်က Z ကို သေစေရန် အကြံမရှိ၊ Z ဝေဒနာပျောက်ကင်းစေရန် ပြုလုပ်ခြင်းဖြစ်ရာ သဘောရိုးဖြင့် ခွဲစိတ်ကုသခြင်းကြောင့် Z သေသော်လည်း A သည် ပြစ်မှုကျူးလွန်ရာမရောက်။