ပုဒ်မ ၁၈၂
ပုဒ်မ ၁၈၂
ပြစ်မှုကျူးလွန်ရာနေရာကို သေချာစွာမသိသည့်အခါ သို့မဟုတ် တစ်ခရိုင် အတွင်းသာ ကျရောက်ခြင်း မရှိသည့် အခါ သို့မဟုတ် ဆက်လက်ကျူးလွန်သည့် ပြစ်မှုဖြစ်သည့်အခါ သို့မဟုတ် ပြုလုပ်မှု အများအပြား ပါဝင်သည့်အခါ စုံစမ်းစစ်ဆေးရန် သို့မဟုတ် စစ်ဆေးစီရင်ရန် နေရာ

အရပ်ဒေသ အများအပြားအနက် မည်သည့်အရပ်ဒေသတွင် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း မသေချာသည့် အခါ သို့မဟုတ်

ပြစ်မှုတစ်ရပ်ရပ်ကို အရပ်ဒေသတစ်ခုတွင် တစ်စိတ်တစ်ပိုင်း ကျူးလွန်ခဲ့ပြီး အခြားအရပ် ဒေသ တစ်ခုတွင် တစ်စိတ်တစ်ပိုင်း ကျူးလွန်သည့်အခါ သို့မဟုတ်

ပြစ်မှုတစ်ရပ်ကို ဆက်လက်ကျူးလွန်နေသည့် ပြစ်မှုဖြစ်သည့်အပြင် တစ်ခုထက် ပိုသော အရပ်ဒေသများတွင် ဆက်လက်ကျူးလွန်သောအခါ သို့မဟုတ်

ပြစ်မှုမှာ အရပ်ဒေသအများအပြားတွင် ပြုလုပ်ခဲ့သည့် ပြုလုပ်မှုအမြောက်အများ ပါဝင် နေသည့်အခါ အဆိုပါ အရပ်ဒေသများအနက်မှ အရပ်ဒေသတစ်ခုခုတွင် စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးက စုံစမ်း စစ်ဆေး သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။