(၁) မည်သည့်အခါမဆို စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသော ဒုတိယတန်း၊ သို့မဟုတ် တတိယတန်း အာဏာရ ရာဇဝတ် တရားသူကြီးတစ်ဦးသည် တရားလိုဘက်နှင့် တရားခံဘက်သက်သေခံချက်များကို ကြားနာပြီးနောက် တရားခံသည် အပြစ်ရှိကြောင်း၊ ထို့ပြင် ၎င်းသည် အဆိုပါရာဇဝတ်တရားသူကြီးချမှတ်ရန် အာဏာရှိသည့် ပြစ်ဒဏ်နှင့်မတူ ခြားနားသည့်၊ သို့မဟုတ် ပို၍ ပြင်းထန်သည့် ပြစ်ဒဏ်မျိုးကို ခံယူသင့်ကြောင်း၊ သို့မဟုတ် ၎င်းတရားခံကို ပုဒ်မ ၁၀၆ အရ ခံဝန်ချုပ်ချုပ်ဆိုစေရန် ဆင့်ဆိုသင့်ကြောင်း သဘောရသည့်အခါ ၎င်းရာဇဝတ် တရားသူကြီးသည် မိမိ၏သဘောကိုရေးမှတ်ပြီးနောက် စစ်ဆေးစီရင်မည့် အမှုတွဲများကိုတရားခံနှင့် အတူခရိုင် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးထံသို့ တင်ပို့ရမည်။
(၁-က) တစ်ဦးထက်များသော တရားခံတို့ကို ပူးတွဲ စစ်ဆေးစီရင်သည့်အခါ ၎င်းအပြင် ရာဇဝတ်တရားသူကြီးက အဆိုပါ တရားခံတစ်ဦးဦးနှင့်ပတ်သက်၍ ပုဒ်မခွဲ ( ၁) အရ ဆောင်ရွက်ရန် လိုအပ်သည်ဟု ထင်မြင်သည့်အခါ အဆိုပါ ရာဇငတ်တရားသူကြီးသည် မိမိ၏ သဘောအရ အပြစ်ရှိသည်ဟု ယူဆသော တရားခံအားလုံးကို ခရိုင်ရာဇဝတ်တရားသူကြီးထံ ဖြစ်စေ၊ နယ်ပိုင်ရာဇဝတ်တရားသူကြီးထံဖြစ်စေ တင်ပို့ရမည်။
(၂) တင်ပို့သည့် အမှုတွဲများကို လက်ခံရရှိသည့် ရာဇဝတ်တရားသူကြီးသည် မိမိ သင့်သည် ထင်မြင်လျှင် အမှုသည်များကို စစ်မေးခြင်း၊ အမှုတွင် သက်သေခံချက်ပေးပြီးသော မည်သည့် သက်သေကိုမဆို ပြန်လည်ခေါ်ယူ၍ စစ်မေးခြင်း၊ ၎င်းအပြင် နောက်ထပ် သက်သေခံချက်တစ်စုံတစ်ရာကို တောင်းဆိုရယူခြင်းတို့ကို ပြုလုပ်နိုင်သည်။ ၎င်းအပြင် အမှုနှင့် သင့်သည် ထင်မြင်သည့်အတိုင်း ဥပဒေနှင့်အညီ စီရင်ချက်၊ ပြစ်ဒဏ်၊ သို့မဟုတ် အမိန့်ကို ချမှတ်ရမည်။
သို့ရာတွင် ပုဒ်မ ၃၂ နှင့် ၃၃ တို့အရ မိမိ စီရင်နိုင်သည့် ပြစ်ဒဏ်ထက် ပို၍ ပြင်းထန်သော ပြစ်ဒဏ်ကို ချမှတ်ခြင်း မပြုရ။