ပုဒ်မ ၁၇၄
ပုဒ်မ ၁၇၄
မိမိကိုယ်မိမိသတ်သေခြင်း စသည်တို့အပေါ်ရဲက စုံစမ်း၍ အစီရင်ခံခြင်း

(၁) မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ထိုကိစ္စအလို့ငှာနိုင်ငံတော်သမ္မတက အထူးအာဏာဖြင့် အာဏာအပ်နှင်းထားသော အခြားရဲအရာရှိက တစ်ဦးတစ်ယောက်သည် -

(က) မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သို့မဟုတ်

(ခ) အခြားသူတစ်ဦးဦးက သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ကောင်က သတ်ခြင်းခံရသဖြင့် သေဆုံးခဲ့ကြောင်း သို့မဟုတ် စက်ကိရိယာကြောင့် သေဆုံးခဲ့ကြောင်း သို့မဟုတ် မတော်တဆ ဖြစ်ပွားသော အကြောင်းကြောင့် သေဆုံးခဲ့ကြောင်း သို့မဟုတ်

(ဂ) အခြားလူတစ်ယောက်က ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့သည်ဟုယုတ္တိတန်သော သံသယရှိလောက်သည့်အခြေအနေတွင် သေဆုံးခဲ့ကြောင်း

သတင်းရရှိသောအခါ သေမှုသေခင်း စစ်ဆေးပိုင်ခွင့်အာဏာရှိသော အနီးဆုံး တရားသူကြီးထံသို့ သတင်းကို ချက်ချင်းအစီရင်ခံရမည်။ ထို့ပြင် အဆိုပါသေဆုံးသူ ၏ အလောင်းရှိသည့် နေရာသို့ သွားရောက်ရမည်။ ထို့ပြင် ထိုနေရာ၌ အနီး ပတ်ဝန်းကျင်တွင် နေထိုင်သူနှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုသောသူများ၏ ရှေ့မှောက်တွင် စုံစမ်း ထောက်လှမ်းမှု ပြုလုပ်ရမည့်အပြင် ၎င်း အလောင်းပေါ်တွင် တွေ့ရှိရသည့်ဒဏ်ရာများ၊ ကျိုးပဲ့ခြင်းများ၊ ပွန်းပဲ့ခြင်းများနှင့် အခြားသော ဒဏ်ရာ အမှတ်အသားများကို ဖော်ပြလျက် မည်သည့် အကြောင်းကြောင့် သေဆုံးရသည့် လက္ခဏာရှိကြောင်း၊ ၎င်းပြင် မည်သည့်နည်းဖြင့် သို့မဟုတ် မည်သည့်လက်နက် သို့မဟုတ် ကိရိယာဖြင့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြလျက် အစီရင်ခံစာ ရေးရမည်။

(၂) ယင်းအစီရင်ခံစာကို အဆိုပါရဲအရာရှိနှင့် အခြားသူများ သို့မဟုတ် အဆိုပါ အစီရင်ခံစာ တွင် ပါရှိသည့်အချက်ကို သဘောတူသမျှသူများက လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး၊ ခရိုင်ရာဇဝတ် တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးထံ ချက်ချင်းတင်ပို့ ရမည်။

(၃) မည်သည့်အကြောင်းကြောင့် သေဆုံးသည်ဟူသော အချက်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ သံသယ ဖြစ်သည့်အခါ သို့မဟုတ် ရဲအရာရှိက အခြားအကြောင်းတစ်ရပ်ရပ်ကြောင့် ထိုသို့ပြုလုပ်ရန် သင့်သည်ဟု ထင်မြင်သောအခါ ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းထားသည့် နည်းဥပဒေများကို လိုက်နာလျက် သေသူ၏ အလောင်းကို စစ်ဆေးရန် မှာ အကယ်၍ ရာသီဥတု အခြေအနေနှင့် ခရီးကွာဝေးမှုတို့ကြောင့် အဆိုပါ စစ်ဆေးမှုများ မှာ အကျိုးမရှိ ဖြစ်ပွားစေမည့် လမ်းခရီး၌ အလောင်း ပုပ်သိုးပျက်စီးခြင်း ဖြစ်မသွား နိုင်လျှင်အနီးဆုံးဆရာဝန်ကြီးထံ သို့မဟုတ် ဤကိစ္စအတွက် နိုင်ငံတော်သမ္မတက ခန့်အပ် ထားသည့် အခြားအရည်အချင်းရှိသော ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်ထံ စစ်ဆေးကြည့်ရှုရန် အလို့ငှာ ပေးပို့ရမည်။

(၄) ******************************************************************************

(၅) အောက်ပါ တရားသူကြီးများသည် သေမှုသေခင်းများကို စစ်ဆေးပိုင်ခွင့် ရှိကြသည်။ ၎င်းတို့မှာ-

မည်သည့် ခရိုင်ရာဇဝတ်တရားသူကြီးမဆို၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ပထမတန်း အာဏာရ တရားသူကြီးနှင့် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတကဖြစ်စေ၊ ခရိုင်ရာဇဝတ် တရားသူကြီးကဖြစ်စေ အထူးအားဖြင့် အာဏာအပ်နှင်းထားသော တရားသူကြီး တစ်ဦးဦးတို့ ဖြစ်ကြသည်။