(၁) ဤအခန်းအရ စုံစမ်းထောက်လှမ်းရာ၌ လုံလောက်သည့် သက်သေခံချက်ရှိကြောင်း သို့မဟုတ် အထက်တွင်ဆိုခဲ့သည့်အတိုင်း အကြောင်းယုတ္တိရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းမှူးက သို့မဟုတ် စုံစမ်းထောက်လှမ်းသည့် ရဲအရာရှိက ယူဆလျှင် အဆိုပါ အရာရှိသည် ရဲအစီရင်ခံစာ အရ ပြစ်မှုကို အရေးယူပိုင်ခွင့်နှင့် တရားခံကို စစ်ဆေး စီရင်ပိုင်ခွင့် အာဏာရှိသော သို့မဟုတ် တရားခံကို စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ ပိုင်ခွင့် ရှိသော တရားသူကြီး တစ်ဦးထံ တရားခံကို အချုပ်နှင့် တင်ပို့ရမည် သို့မဟုတ် ပြစ်မှုမှာ အာမခံပေးရမည့်ပြစ်မှုဖြစ်ပြီး တရားခံက အာမခံ ပေးနိုင်လျှင် သတ်မှတ်သောနေ့၌ အဆိုပါ တရားသူကြီးရှေ့မှောက်သို့ ထိုသူရောက်ရှိစေရန်နှင့် အခြားနည်း မညွှန်ကြားမီ အဆိုပါ တရားသူကြီးရှေ့မှောက်သို့ နေ့စဉ်ရောက်ရှိစေရန် အတွက် ၎င်းထံမှ အာမခံ ယူရမည်။
(၂) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှူးက သို့မဟုတ် စုံစမ်းထောက်လှမ်းခြင်းပြုသည့် ရဲအရာရှိက တရားခံတစ်ဦးကို တရားသူကြီးရှေ့မှောက်သို့ တင်ပို့သည့်အခါ သို့မဟုတ် အဆိုပါ တရား သူကြီး ရှေ့မှောက်သို့ ထိုသူ ရောက်ရှိစေရန်အတွက် ဤပုဒ်မအရ အာမခံ ယူသည့်အခါ ထိုအရာရှိသည် ယင်း တရားသူကြီးထံ တင်ပြရန် လိုအပ်မည်ဖြစ်သည့် လက်နက် သို့မဟုတ် အခြားဝတ္ထုပစ္စည်း တစ်စုံတစ်ရာကို သော်လည်းကောင်း၊ အဆိုပါ ပစ္စည်းအား ကိုယ်ထိလက်ရောက် မတင်ပြနိုင်သည့်အပြင် လွယ်ကူစွာမတင်ပြနိုင်လျှင် အစီရင်ခံစာ နှင့်အတူ သက်ဆိုင်ရာ သက်သေခံ စာတမ်း အမှတ်အသားကို သော်လည်းကောင်း တင်ပို့ရမည်။ ထို့အပြင် တိုင်တန်းသူရှိခဲ့လျှင် ယင်း တိုင်တန်းသူနှင့် အမှုအဖြစ်အပျက် အကြောင်းအရာများကို သိရှိသည့် အဆိုပါအရာက ထင်မြင်သူများအနက်မှ လိုအပ်သည်ဟု ယူဆသူများကို တရားသူကြီး ရှေ့မှောက်သို့ ရောက်ရှိ၍ တရားလိုပြုလုပ် စွဲဆိုရန်ဖြစ်စေ၊ သက်သေခံရန်ဖြစ်စေ ခံဝန်ချုပ်ရန် ဆင့်ဆိုနိုင်သည်။
(၃) ခံဝန်ချုပ်တွင် ခရိုင်ရာဇဝတ်တရားသူကြီးရုံးဖြစ်စေ သို့မဟုတ် နယ်ပိုင်ရာဇဝတ် တရား သူကြီးရုံးဖြစ်စေ ဖော်ပြပါရှိလျှင် အဆိုပါ ရုံးတွင် ယင်းအမှုကို စုံစမ်းစစ်ဆေးရန်ဖြစ်စေ၊ စစ်ဆေးစီရင်မှုဖြစ်စေ အဆိုပါ ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ် တရားသူကြီးက လွှဲအပ် နိုင်သော မည်သည့် တရားရုံးမဆို ပါဝင်သည်ဟု မှတ်ယူရမည်။ သို့သော် ထိုသို့ လွှဲအပ်သည့် အကြောင်းကို အဆိုပါတိုင်တန်းသူ သို့မဟုတ် သက်သေများ ကို အကြောင်းအားလျော်စွာ တင်ကြို၍ အကြောင်းကြားရမည်။
(၄) *******************************************************************************
(၅) မိမိရှေ့မှောက်တွင် ခံဝန်ချုပ်ဆိုသော အရာရှိသည် ခံဝန်ချုပ် မိတ္တူတစ်စောင်ကို ခံဝန် ချုပ်ဆိုသူအား ပေးရမည်။ ထို့ပြင် ခံဝန်ချုပ်မူရင်းကို မိမိ၏ အစီရင်ခံစာနှင့်အတူ တရားသူကြီးထံ ပို့ရမည်။