စစ်ဆေးစီရင်မှု တစ်ခုတည်းတွင် လူတစ်ဦးတည်းအပေါ် စွဲချက်အများအပြား တင်သည့်အခါနှင့် အဆိုပါ စွဲချက်များအနက်မှ စွဲချက်တစ်ခု၊ သို့မဟုတ် တစ်ခုထက်ပိုသောစွဲချက်များဖြင့် ပြစ်မှုထင်ရှားစီရင်သည့်အခါ တိုင်တန်းသူကဖြစ်စေ၊ တရားလိုဘက် အမှုလိုက်ကဖြစ်စေ၊ စီရင်ချက်မချမီ၊ သို့မဟုတ် ဂျူရီလူကြီး၏ ဆုံးဖြတ်ချက်မရမီ မည်သည့်အချိန်တွင်မဆို ကျန်စွဲချက်၊ သို့မဟုတ် ကျန်စွဲချက်များကို တရားရုံး၏ ခွင့်ပြုချက်ဖြင့် ရုပ်သိမ်းနိုင်သည်၊ သို့မဟုတ် အဆိုပါ စွဲချက်၊ သို့မဟုတ် စွဲချက်များဖြင့် စစ်ဆေးစီရင်မှုကို တရားရုံးက မိမိသဘောဖြင့်ရပ်ဆိုင်းနိုင်သည်။ ပြစ်မှုထင်ရှားစီရင်ခြင်းကို မပယ်ဖျက်လျှင် အဆိုပါ ရုပ်သိမ်းမှု၊ သို့မဟုတ် ဆိုင်းမှုသည်ဆိုခဲ့သည့် စွဲချက်၊ သို့မဟုတ် စွဲချက်များနှင့် စပ်လျဉ်း၍ အမှုမှ အပြီးအပြတ်လွှတ်ရာ ရောက်စေရမည်။ ဆိုခဲ့ သည့် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်လျှင် တရားရုံးသည် (ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ပေးသော တရားရုံး၏အမိန့်ကို လိုက်နာ၍) ထိုသို့ ရုပ်သိမ်းထားသော၊ သို့မဟုတ် ဆိုင်းငံ့ ထားသောစွဲချက်၊ သို့မဟုတ် စွဲချက်များကို ဆက်လက်စစ်ဆေးစီရင်နိုင်သည်။