ပုဒ်မ ၁၅၆
ပုဒ်မ ၁၅၆
စပ်ဆိုင်သည့်အကြောင်းခြင်းရာနှင့် ပတ်သက်သောသက်သေခံချက်ကိုထောက်ခံရန်ဖြစ်သည့် မေးခွန်းများသက်သေခံဝင်ခြင်း

စပ်ဆိုင်သော အကြောင်းခြင်းရာတစ်ခုခုနှင့်စပ်လျဉ်း၍ သက်သေခံသော သက်သေတစ်ဦးအား ယင်း၏သက်သေခံချက်ကို ထောက်ခံချက်တင်သွင်းရန် ကြံရွယ်ပါက အမှု၌ အဆိုပါစပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်ပွားသည့်အချိန် သို့မဟုတ် ထိုအချိန်လောက်တွင်ဖြစ်စေ ဖြစ်ပွားသည့် နေရာ သို့မဟုတ် ထိုနေရာအနီးအနား၌ဖြစ်စေ ထိုသက်သေ သိမြင်ခဲ့ရသည့်အခြားအခြေအနေများနှင့် သက်သေ ထင်ရှားလျှင် တရားရုံးက စပ်ဆိုင်သော အကြောင်းခြင်းရာများနှင့် ပတ်သက်၍ သက်သေ၏ထွက်ချက် ကို ထောက်ခံသည်ဟု ယူဆလျှင် ထိုသက်သေအား မေးမြန်းနိုင်သည်။

ဥပမာ

လုယက်မှုတစ်ခုတွင် ပါဝင်ကျူးလွန်ခဲ့သူကြံရာပါက ထိုလုယက်မှု၏ဖြစ်ပျက်ပုံအကြောင်းကို အစစ်ခံရာ၌ ထိုလုယက်မှုကျူးလွန်ရာနေရာသို့ အသွားနှင့် ထိုနေရာမှအပြန် ခရီးလမ်းတွင် ထိုလုယက်မှုနှင့်ဆက်စပ်ခြင်း မရှိသော အခြားအဖြစ်အပျက်အမျိုးမျိုးကို ဖော်ပြသည်။

ထိုလုယက်မှုနှင့်စပ်လျဉ်းသည့် ထိုသူ၏သက်သေခံချက်ကို ထောက်ခံရန်အလို့ငှာ အဆိုပါ အကြောင်းခြင်းရာများနှင့် စပ်လျဉ်း၍ လွတ်လပ်သော သက်သေခံချက်ကိုတင်ပြနိုင်သည်။