ပုဒ်မ ၄၀
နိုင်ငံတော်အခြေခံမူများ
(က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံတော် သမ္မတသည် ထိုတိုင်းဒေသကြီး၊ ပြည်နယ်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေး ဆိုင်ရာအခွင့်အာဏာကို သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ၌ လိုအပ်လျှင် ထိုတိုင်း ဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် သက်ဆိုင်သည့် ဥပဒေပြုအခွင့် အာဏာများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတက သုံးစွဲဆောင်ရွက်ခွင့်ရှိသည်၊
(ခ) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တစ်စုတွင်ဖြစ်စေ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင်သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိလျှင် ထိုအန္တရာယ်ကို တပ်မတော်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထား ချက်များနှင့်အညီ တားဆီး ကာကွယ်စောင့်ရှောက်ခွင့်ရှိသည်၊
(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်။