(၁) သက်သေတစ်ဦး ပျက်ကွက်သောကြောင့်ဖြစ်စေ၊ အခြားသင့်လျော်သော အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှု တစ်စုံတစ်ရာကို စတင်ဆောင်ရွက်ခြင်းကို ရွှေ့ဆိုင်းရန်၊ သို့မဟုတ် ရက်ချိန်းပေးရန် လိုအပ်လာလျှင်၊ သို့မဟုတ် လုပ်သင့်လုပ်ထိုက်ကြောင်း တွေ့ရလျှင် တရားရုံးသည် မိမိသင့်လျော်သည် ထင်မြင်ပါက မည်သည့်အတွက် ထိုကဲ့သို့ ဆောင်ရွက်ရကြောင်း အကြောင်းပြချက်များ ဖော်ပြချက်အမိန့်စာရေး၍ မိမိသင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် မိမိသင့်လျော်သည်ထင်သည့်နေ့ရက် သို့အခါအားလျော်စွာ ရွှေ့ဆိုင်းနိုင်သည်၊ သို့မဟုတ် ရက်ချိန်းပေးနိုင်သည်။ ထို့ပြင် တရားခံမှာ အချုပ်တွင်ရှိနေလျှင် ၎င်းအား ၀ရမ်းစာဖြင့် ချုပ်မိန့်ပေးနိုင်သည်။
ချုပ်မိန့်ပေးခြင်း။
သို့ရာတွင် မည်သည့် ရာဇဝတ်တရားသူကြီးကမျှ ထိုပုဒ်မအရ တရားခံတစ်ဦးကို တစ်ကြိမ်လျှင် တစ်ဆယ့်ငါးရက်ထက်ပိုသော အချိန်ကာလအတွက် ချုပ်မိန့်ပေးခြင်းမပြုရ။
(၂) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွတ်တော်မှအပ အခြားတရားရုံးတစ်ရုံးက ထိုအမိန့်အရ ချမှတ်သည့် အမိန့်တိုင်းကို အကြီးအကဲတရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက စာဖြင့်ရေးပြီး လက်မှတ်ရေးထိုးရမည်။
ချုပ်မိန့်ပေးခြင်းအတွက် သင့်လျော်သော အကြောင်း။
ရှင်းလင်းချက်။ တရားခံသည် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့တန်ရာသည်ဟု သင်္ကာ မကင်းလောက်အောင် သက်သေထွက်ချက် အလုံအလောက် ရရှိပြီးဖြစ်လျှင်၊ ထို့ပြင် ချုပ်မိန့်ပေးခြင်းဖြင့် သက်သေခံချက် ထပ်မံရရှိနိုင်သည့်အခြေအနေ ပေါ်ပေါက်လျှင် ဤအချက်မှာ ချုပ်မိန့်ပေးရန်အတွက် သင့်လျော်သော အကြောင်းတစ်ရပ် ဖြစ်သည်။