ပဋိညာဉ်တစ်ခုတွင်ဖြစ်စေ၊ ဂရန်ပေးအပ်မှုတစ်ခုတွင်ဖြစ်စေ၊ ပစ္စည်းကို အခြားနည်းစီမံမှုတစ်ခုခု တွင်ဖြစ်စေ ပါရှိသည့်စည်းကမ်းချက်များကို စာချုပ်စာတမ်းအဖြစ် ရေးသားထားသည့်အခါအဆိုပါ စာချုပ်စာတမ်းတစ်ခုခုတွင်ပါရှိသည့် စည်းကမ်းချက်များကိုသော်လည်းကောင်း၊ အကြောင်းအရာတစ် ရပ်ရပ်ကို ဥပဒေအရ စာချုပ်စာတမ်းအဖြစ် ရေးသားထားရှိရန်လိုအပ်သည့် အမှုကိစ္စများတွင် ယင်းစာ ချုပ်စာတမ်း၌ပါရှိသည့် စည်းကမ်းချက်များကိုသော်လည်းကောင်း သက်သေထင်ရှားတင်ပြရာ၌ မူရင်း စာချုပ်စာတမ်း၊ သို့မဟုတ် ယခင်ပါရှိပြီးဖြစ်သည့် ပြဋ္ဌာန်းချက်များအရဒုတိယအဆင့် သက်သေခံ ချက်၊ သက်သေခံဝင်သည့်ကိစ္စများတွင် ထိုမူရင်းစာချုပ်စာတမ်းပါ အကြောင်းအရာများ၏ဒုတိယအဆင့် သက်သေခံချက်များမှတစ်ပါး အခြားမည်သည့်သက်သေခံချက်ကိုမျှ တင်ပြခြင်းမပြုရ။
ခြွင်းချက် (၁) ။ ပြည်သူ့ဝန်ထမ်းတစ်ဦးကို ဥပဒေအရ စာဖြင့်ရေးသားခန့်ထားရမည့် ကိစ္စတွင် တစ်စုံတစ် ယောက်သောသူသည် အဆိုပါ ဝန်ထမ်းအဖြစ်ဆောင်ရွက်လျက်ရှိကြောင်း ထင်ရှားပြီးသော အခါ အဆိုပါ ဝန်ထမ်းအား ခန့်အပ်ထားသည့်စာကို သက်သေထင်ရှားတင်ပြရန်မလိုချေ။
ခြွင်းချက် (၂) ။ သေတမ်းစာများသက်သေထင်ရှားစေရန်အလို့ငှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်း အတည်ဖြစ်လျက်ရှိသည့်သေတမ်းစာအတည်ပြုလက်မှတ်ကိုသက်သေထင်ရှားတင်ပြနိုင်သည်။
ရှင်းလင်းချက် (၁) ။ ရည်ညွှန်းဖော်ပြခဲ့သော ပဋိညာဉ်များ၊ ဂရန်ပေးအပ်မှုများ သို့မဟုတ် ပစ္စည်းကို အခြားနည်းစီမံမှုများသည် စာချုပ်စာတမ်းတစ်ခုတည်းတွင်ပါရှိသည်ဖြစ်စေ၊ တစ်ခုထက်ပိုသော စာချုပ် စာတမ်းများတွင်ပါရှိသည်ဖြစ်စေ ဤပုဒ်မသည် ထိုသို့သော ကိစ္စအားလုံးနှင့် ညီတူညီမျှသက်ဆိုင်သည်။
ရှင်းလင်းချက် (၂) ။ မူရင်းစာချုပ်စာတမ်း တစ်စောင်ထက်ပို၍ရှိနေလျှင် မူရင်းတစ်စောင်ကိုသာ သက် သေ ထင်ရှားတင်ပြရန်လိုသည်။
ရှင်းလင်းချက် (၃) ။ ဤပုဒ်မတွင်ရည်ညွှန်းဖော်ပြထားသော အကြောင်းခြင်းရာများမှတစ်ပါး အခြား အကြောင်းခြင်းရာတစ်ခုကို စာချုပ်စာတမ်းတစ်ခုခုတွင်ဖော်ပြထားသည့်အခါ ထိုအကြောင်းခြင်းရာနှင့် စပ်လျဉ်း၍ နှုတ်သက်သေခံချက်လက်ခံခြင်းကို တားမြစ်ပိတ်ပင်ခြင်းမရှိစေရ။
ဥပမာများ
(က) ပဋိညာဉ်တစ်ခုသည်ပေးစာအများတွင် ပါရှိနေလျှင်၊ ထိုပဋိညာဉ်ပါရှိသော ပေးစာအားလုံးကိုသက် သေထင်ရှားတင်ပြရမည်။
(ခ) ပဋိညာဉ် တစ်ခုသည် ငွေလွှဲစာချုပ်တစ်ခုတွင် ပါရှိနေလျှင် ထိုငွေလွှဲစာချုပ်ကို သက်သေထင်ရှား တင်ပြရမည်။
(ဂ) ငွေလွှဲစာချုပ် တစ်ခုကို ၃ စောင်ပြုလုပ်ရေးထားလျှင် ငွေလွှဲစာချုပ်တစ်စောင်တည်းကိုသာသက်သေ ထင်ရှားတင်ပြရန်လိုသည်။
(ဃ) A သည် စည်းကမ်းချက်များဖြင့် မဲနယ်ပေးသွင်းရန်အတွက် B နှင့် ပဋိညာဉ်စာချုပ်ချုပ်ဆိုသည်။ ထိုပဋိညာဉ်တွင်း ယခင်အကြိမ်ကနှုတ်ဖြင့် ပြုလုပ်ထားသော ပဋိညာဉ်အရ၊ အခြားမဲနယ်ဖိုးငွေကို B က A သို့ပေးပြီးကြောင်းဖော်ပြထားသည်။
ထိုအခြား မဲနယ်ဖိုးငွေကိုမပေးချေသေးကြောင်းဖြင့် နှုတ်သက်သေခံတင်ပြသည်။ ယင်းသက်သေခံချက် သည် သက်သေခံဝင်သည်။
(င) B ကပေးသောငွေအတွက် A က B သို့ပြေစာတစ်စောင်ပေးသည်။ ထိုသို့ ငွေပေးသွင်းကြောင်းကို နှုတ်ဖြင့်သက်သေခံချက်တင်ပြသည်။ ယင်းသက်သေခံချက်သည် သက်သေခံဝင်သည်။