(က) ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင် သည် -
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းပျက် ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။
(ခ) ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအပေါ်စွပ်စွဲပြစ်တင်လိုပါက နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယ သမ္မတကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်၊
(ဂ) ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စုဝန်ကြီးရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင်စေရန် မသင့်ကြောင်းစုံစမ်းစစ်ဆေး သည့်လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင်နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စု ဝန်ကြီးအားတာဝန်မှရပ်စဲရမည်၊
(ဃ) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။