တရားမမှုတစ်ခုခုတွင်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာမှုခင်းတစ်ခုခုတွင်ဖြစ်စေ ပေါ်ထွက်လျက်ရှိသောငြင်း ချက်များနှင့် စပ်လျဉ်း၍မေးသောမေးခွန်းများကို သက်သေကဖြေဆိုရမည်။ထိုမေးခွန်းကို ဖြေဆိုခြင်း အားဖြင့် မိမိသည်ပြစ်မှုပြစ်ဒဏ်သင့်မည်ဟုသော်လည်းကောင်း၊ ပြစ်မှုပြစ်ဒဏ်သင့်မည့်အရိပ်နိမိတ်ပေါ် နိုင်သည်ဟုသော်လည်းကောင်း သို့မဟုတ် ပြစ်မှုပြစ်ဒဏ်ခံရခြင်းနှင့် ဖြစ်စေ၊ ဘဏ္ဍာတော်အဖြစ် ပစ္စည်း အသိမ်းခံရခြင်းနှင့်ဖြစ်စေ တိုက်ရိုက် သို့မဟုတ်သွယ်ဝိုက်၍ကြုံတွေ့မည်ဟုသော်လည်းကောင်း၊ ကြုံတွေ့ မည့်အရိပ်နိမိတ်ပေါ်မည်ဟု သော်လည်းကောင်း အကြောင်းများရှိစေကာမူ သက်သေက ထိုမေးခွန်းများကို မဖြေဆိုဘဲမနေရ။
သို့ရာတွင် မေးသမျှကို မဖြေဆိုဘဲမနေရ၍ ဖြေဆိုရသောဖြေဆိုချက်ကြောင့် ထိုသူအားဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းမပြုရ သို့မဟုတ် ထိုဖြေဆိုချက်ကိုအကြောင်းပြု၍ မုသားသက်သေထွက်ဆိုသည်ဟု တရားစွဲဆိုသောပြစ်မှုမှအပ အခြားမည်သည့်ပြစ်မှုဆိုင်ရာမှုခင်းမှာမှ ထိုဖြေဆိုချက်ကိုသက်သေခံအဖြစ် အသုံးမပြုရ။