ပုဒ်မ ၁၁၅
ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်း
(က) ပြည်သူ့လွှတ်တော်သည် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ တို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်၊
(ခ) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ တပ်မတော်ဆိုင်ရာ ကိစ္စများကို လည်းကောင်း လေ့လာတင်ပြစေရန် အကြောင်းပေါ်ပေါက်ပါက ပြည်သူ့လွှတ်တော်သည် ကာကွယ်ရေး နှင့်လုံခြုံရေးကော်မတီကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြင့်ကာလ သတ်မှတ်၍ဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီသည် လုပ်ငန်း လိုအပ်ချက်အရ တပ်မတော်သားမဟုတ်သော သင့်လျော်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လည်းထည့်သွင်းဖွဲ့စည်းရန် လိုအပ်ပါက ဖွဲ့စည်းနိုင်သည်၊
(ဂ) ပြည်သူ့လွှတ်တော်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးတို့အပြင် အခြားရေးရာကိစ္စများကို လေ့လာတင်ပြစေရန် လိုအပ် ပါက လွှတ်တော် ကော်မတီများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းနိုင်သည်၊
(ဃ) ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော် ကော်မတီများ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်။