ပုဒ်မ ၁၄၉
ပုဒ်မ ၁၄၉
သင့်လျော်သည့်အကြောင်းမရှိဘဲမမေးရသည့်မေးခွန်း

ပုဒ်မ ၁၄၈ တွင်ရည်ညွှန်းဖော်ပြသည့် မေးခွန်းကိုမေးမြန်းသူသည် ထိုမေးခွန်းတွင်ပါသော ရည်ညွှန်းသည့် စွပ်စွဲချက်မှာ အခြေအမြစ်ကောင်းစွာရှိသည်ဟုယူဆရန် သင့်တော်သော အကြောင်းမရှိ လျှင် ထိုမေးခွန်းမျိုးကို မမေးသင့်ချေ။

ဥပမာများ

(က) ရှေ့နေတစ်ဦးအားယင်း၏အမှုသည်က အရေးကြီးသော သက်သေတစ်ဦးမှာ ဓားပြဖြစ်သည်ဟု ပြောကြားသည်။ ဤသည်မှာထို သက်သေအား ဓားပြ ဟုတ်မဟုတ် မေးမြန်းရန်သင့်လျော်သော အကြောင်းဖြစ်သည်။

(ခ) တရားရုံး၌ ရှေ့နေတစ်ဦးအား လူတစ်ယောက်က အရေးကြီးသော သက်သေတစ်ဦးမှာ “ဓားပြ” ဖြစ်သည်ဟုပြောကြားသည်။ ရှေ့နေက မေးမြန်းသောအခါ ထိုသတင်းပေးသူကမိမိ၏ပြောကြားချက်အ တွက် ကျေနပ်လောက်သောအကြောင်းများကိုဖော်ပြသည်။ ဤသည်မှာ ထိုသက်သေအား ဓားပြ ဟုတ် မဟုတ် မေးမြန်းရန်သင့်လျော်သောအကြောင်းဖြစ်သည်။

(ဂ) သက်သေတစ်ဦး၏အကြောင်းမည်သို့မျှ မသိဘဲလျက် ထိုသက်သေအားဓားပြဟုတ် မဟုတ်ရမ်းဆ ၍ မေးမြန်းသည်။ ဤကိစ္စတွင် ထိုမေးခွန်းမေးရန်သင့်လျော်သော အကြောင်းများမရှိချေ။

(ဃ) သက်သေတစ်ဦး၏အကြောင်းမည်သို့မျှ မသိဘဲလျက် ယင်း၏နေထိုင်မှုအခြေအနေနှင့်အသက် မွေးဝမ်းကြောင်းမှုကို မေးမြန်းရာ ထိုသက်သေက ကျေနပ်ဖွယ်မရှိသောအဖြေကိုပေးသည်။ ဤသည်မှာ ထိုသက်သေအားဓားပြ ဟုတ်မဟုတ် မေးမြန်းရန် သင့်လျော်သော အကြောင်းဖြစ်နိုင်သည်။