ပုဒ်မ ၂၆၉
ပုဒ်မ ၂၆၉
စက်ရှင်တရားရုံး၌ စစ်ဆေးစီရင်သည့် အမှုများကို ဂျူရီဖြင့် စစ်ဆေးစီရင်ရန် သမ္မတက ညွှန်ကြားနိုင်ခြင်း

(၁) မည်သည့်ခရိုင်အတွင်းရှိသည့် စက်ရှင်တရားရုံးတစ်ရုံးကမဆို ပြစ်မှုအား လုံးကိုဖြစ်စေ၊ သတ်မှတ်ထားသည့် ပြစ်မှုအမျိုးအစားများကိုဖြစ်စေ စစ်ဆေးစီရင်ရာတွင် ဂျူရီ လူကြီးများဖြင့် စစ်ဆေးရမည်ဟူ၍ နိုင်ငံတော်သမ္မတက ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားနိုင်သည်။ ထို ့ပြင် ယင်းအမိန့်ကိုပြန်လည်ရုပ်သိမ်း၊ သို့မဟုတ် ပြင်ဆင်နိုင်သည်။

(၂) မည်သည့်ခရိုင်အတွင်း မည်သည့်ပြစ်မှုကိုမဆို ဂျူရီလူကြီးဖြင့် စစ်ဆေး စီရင်ရသည့်ကိစ္စတွင် တရားသူကြီးက လျှောက်ထားလျှင်ဖြစ်စေ၊ မိမိအလိုအလျောက်ဖြစ်စေ နိုင်ငံတော်သမ္မတသည် အလားတူအမိန့်မျိုးဖြင့် အဆိုပါပြစ်မှုများကို အထူး ဂျူရီစာရင်းမှ ဆင့်ဆိုသည့် ဂျူရီလူကြီးများဖြင့် စစ်ဆေးစီရင်ရန်ညွှန်ကြားနိုင်သည်။ ထို့ပြင် ယင်းအမိန့်ကိုပြန်လည် ရုပ်သိမ်း၊ သို့မဟုတ် ပြင်ဆင်နိုင်သည်။

(၃) စစ်ဆေးစီရင်မှုတစ်ခုတည်းတွင် တရားခံအပေါ်၌ ပြစ်မှုအများဖြင့် စွဲချက်တင်ရာတွင် ၎င်းပြစ်မှုများအနက် အချို့ ထိုဂျူရီလူကြီးများဖြင့် စစ်ဆေးစီရင်ခွင့်ရှိပြီး အချို့ကို စစ်ဆေးစီရင်ခွင့်မရှိလျှင် ၎င်းတရားခံကို ဂျူရီလူကြီးများဖြင့် စစ်ဆေးစီရင်ခွင့်ရှိသည့် ပြစ်မှုများအတွက် ဂျူရီလူကြီးများဖြင့် စစ်ဆေးစီရင်၍ ဂျူရီလူကြီးများဖြင့် စစ်ဆေးစီရင်ခွင့်မရှိသည့် ပြစ်မှ များအတွက် စက်ရှင်တရားရုံးက စစ်ဆေးစီရင်ရမည်။