ပုဒ်မ ၉၄
ပုဒ်မ ၉၄
ခြိမ်းခြောက်၍ အတင်းအကျပ် ခိုင်းစေခံရသူ၏ ပြုလုပ်မှု။

လူသတ်မှုနှင့် သေဒဏ်ထိုက်သော နိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုများမှအပ ပြစ်မှုတစ်ခုခုကိုပြုရန် ငြင်းဆန်လျှင် တစ်မုဟုတ်ချင်း သေဘေးကျရောက်မည်ဟု စိုးရိမ်ဖွယ်ရာ ယုတ္တိရှိလောက်အောင် အတင်းအကျပ် ခြိမ်းခြောက်ခြင်းခံရသဖြင့် ပြုရလျှင် ထိုပြုရသူ၏ ပြုလုပ်မှုသည် ပြစ်မှုမမြောက်။ သို့ရာတွင် ထိုသူသည် ထိုသို့ခြိမ်းခြောက်ခြင်းခံရသည့်အခြေသို့ မိမိအလိုအလျောက် သော်လည်းကောင်း၊ တစ်မုဟုတ်ချင်း သေဘေးကျရောက်မည်ဟု စိုးရိမ်ဖွယ်ရာ ယုတ္တိမရှိဘဲနှင့်သော် လည်းကောင်း ရောက်ရှိခြင်း မဖြစ်ခဲ့စေရ။


ရှင်းလင်းချက် ၁။ မိမိအလိုအလျောက်ဖြစ်စေ၊ ရိုက်ပုတ်မည်ဟု ခြိမ်းခြောက်ခြင်းခံရ၍ဖြစ်စေ ဓားပြ တို့၏ အကျင့်အကြံများကိုသိလျက်နှင့် ဓားပြဂိုဏ်းသို့ ဝင်သူတစ်ဦးသည် ဥပဒေ အရ ပြစ်မှုမြောက်သောပြုလုပ်မှုကို ဓားပြများက အတင်းအကျပ် ခြိမ်းခြောက် သဖြင့် ပြုလုပ်ရသည် ဟူသောအကြောင်းကြောင့် ဤကင်းလွတ်ချက်ပါ အကျိုး ခံစားခွင့်ကို ခံစားထိုက်သည်မဟုတ်။


ရှင်းလင်းချက် ၂။ သူတစ်ဦးအား ဓားပြဂိုဏ်းကဖမ်းဆီး၍ ဥပဒေအရ ပြစ်မှုမြောက်သော ပြုလုပ်မှု တစ်ခုကိုမပြုလျှင် ချက်ချင်းသေစေမည်ဟု ခြိမ်းခြောက်၍ အတင်းအကျပ် ပြုစေသည်။ ဥပမာ ဓားပြများက ပန်းပဲသမားကို ဖမ်းဆီး၍ ကိရိယာတန်ဆာများကို ယူစေပြီးလျှင် အိမ်ထဲသို့ မိမိတို့ဝင်၍ ဓားပြတိုက်နိုင်အောင် အိမ်တံခါးကို အတင်းအကျပ်ချိုးဖျက်ခိုင်းသည်။ ထိုသို့ ချိုးဖျက်ရသဖြင့် ပန်းပဲသမားသည် ဤကင်းလွတ်ချက်ပါ အကျိုးခံစားခွင့်ကို ခံစားထိုက်သည်။


ကျင့်ထုံး