လူတစ်ဦးနှင်တစ်ဦး ဆွေမျိုးတော်စပ်ခြင်းနှင့်စပ်လျဉ်း၍ တရားရုံးက ဆင်ခြင်သုံးသပ်ရန်ရှိသည့် အခါ သက်ဆိုင်ရာမိသားစုတွင်ပါဝင်သူတစ်ဦးဖြစ်၍ သော်လည်းကောင်း၊အခြားအကြောင်းကြောင့် သော်လည်းကောင်း ထိုအကြောင်းကိစ္စကို သိရှိနိုင်ရန်အထူးအခွင့်အလမ်းရှိသူတစ်ဦးဦးက ထိုသို့ဆွေမျိုးတော်စပ်ခြင်းရှိမရှိနှင့် စပ်လျဉ်း၍ မိမိ၏သဘောထားထင်မြင်ချက်ကို အပြုအမူအားဖြင့်ဖော်ပြနေလျှင် ထိုသို့ဖော်ပြနေသော သဘောထားထင်မြင်ချက်သည် စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။
သို့ရာတွင် မြန်မာနိုင်ငံ လင်မယာကွာရှင်းရေးဥပဒေအရ စွဲဆိုသောမှုခင်းများတွင်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၄၊ ၄၉၅၊ ၄၉၇ သို့မဟုတ် ၄၉၈ အရအရေးယူသောမှုခင်းများတွင်ဖြစ်စေလက်ထပ်ထိမ်း မြားခြင်းကို သက်သေထင်ရှားတင်ပြရာ၌ အဆိုပါထင်မြင်ချက်သည် လုံလောက်သောသက်သေထင်ရှား မဖြစ်စေရ။
ဥပမာများ
(က) ပြဿနာမှာ A နှင့် B တို့လက်ထပ်ထိမ်းမြားခဲ့ခြင်းရှိ မရှိဖြစ်သည်။
A နှင့် B အားယင်း၏တို့မိတ်ဆွေများကခင်ပွန်းနှင့်ဇနီးအဖြစ်လက်ခံ၍ ဆက်ဆံလေ့ရှိသည် ဆို သောအချက်သည် စပ်ဆိုင်သည်။
(ခ) ပြဿနာမှာ A သည် B ၏တရားဝင်သား ဟုတ်မဟုတ်ဖြစ်သည်။ထိုမိသားစုတွင် ပါဝင်သူများက A ကို တရားဝင်သားအဖြစ်အစဉ်သဖြင့် ဆက်ဆံခဲ့သည်ဆိုသောအချက်သည်စပ်ဆိုင်သည်။