(၁) မည်သည့် ပထမတန်းအာဏာရတရားသူကြီး၊ ၎င်းပြင်ဤကိစ္စအလို့ငှာ နိုင်ငံတော် သမ္မတ က အထူးအားဖြင့် အာဏာအပ်နှင်းထားသော မည်သည့် ဒုတိယတန်း အာဏာရ တရားသူကြီး မဆို (အကယ်၍ ၎င်းသည် ရဲအရာရှိ တစ်ဦး မဟုတ်လျှင်) ဤအခန်းအရ မေးမြန်း ထောက်လှမ်းနေသည့် ကာလအတောအတွင်း၌ဖြစ်စေ၊ ထို့နောက်ပိုင်း စုံစမ်း စစ်ဆေးမှု သို့မဟုတ် စစ်ဆေး စီရင်မှု မစတင်မီ မည်သည့်အချိန်တွင်ဖြစ်စေ မိမိထံ ထွက်ဆိုသည့် မည်သည့်ထွက်ဆိုချက် သို့မဟုတ် ဖြောင့်ချက်ကိုမဆို ရေးမှတ်ယူနိုင်သည်။
(၂) အောက်တွင်ဖော်ပြပါရှိသော သက်သေခံချက်ကို ရေးမှတ်ယူရန်အတွက် ပြဋ္ဌာန်း ထားသော နည်းလမ်းများအနက် အမှု၏ အကြောင်းခြင်းရာနှင့် အသင့်ဆုံးဖြစ်သည်ဟု မိမိထင်မြင် ယူဆသည့် နည်းလမ်းအတိုင်း အဆိုပါထွက်ချက်များကို ရေးမှတ်ယူရမည်။ အဆိုပါ ဖြောင့်ချက် များကို ပုဒ်မ ၃၆၄ တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ရေးမှတ် ၍ လက်မှတ်ထိုးရမည်။ ထို့နောက် အဆိုပါထွက်ချက်များ သို့မဟုတ် ဖြောင့်ချက်များကို အမှုကို စုံစမ်းစစ်ဆေးရမည့် သို့မဟုတ် ဖြောင့်ချက်များ စစ်ဆေးစီရင်ရမည့် တရားသူကြီး ထံ ပေးပို့ရမည်။
(၃) အဆိုပါ ဖြောင့်ချက်တစ်ရပ်ရပ်ကို မရေးမှတ်မီ တရားသူကြီးသည် ဖြောင့်ချက်ပေးမည့် သူကို ၎င်း၌ ဖြောင့်ချက်ပေးရန် တာဝန်မရှိကြောင်း၊ အကယ်၍ ဖြောင့်ချက်ပေးလျှင် ထိုဖြောင့်ချက်ကို ၎င်းအပေါ် ဆန့်ကျင်သည့် သက်သေခံအဖြစ် အသုံးပြုနိုင်ကြောင်း ရှင်းပြရမည်။ ၎င်းပြင် ဖြောင့်ဆိုမည့်သူကို မေးမြန်းသည့်အခါ ဖြောင့်ချက်ကို အလို အလျောက်ပေးခြင်းဖြစ်သည်ဟု ယုံကြည်ရန်အကြောင်းမရှိလျင် အဆိုပါဖြောင့်ချက်မျိုး ကို မည်သည့် တရားသူကြီးကမျှ မရေးမှတ် ရ။ ဖြောင့်ချက်တစ်ခုကို ရေးမှတ်သောအခါ ၎င်းဖြောင့်ချက် အောက်ခြေတွင် အောက်ပါအတိုင်း မှတ်တမ်းရေးရမည်
“ကျွန်ုပ်သည် (အမည်) အား ၎င်းတွင် ဖြောင့်ချက်ပေးရန် တာဝန်မရှိကြောင်း နှင့် အကယ်၍ ဖြောင့်ချက်ပေးခဲ့လျှင် ယင်းဖြောင့်ချက်ကို ၎င်းအပေါ် ဆန့်ကျင်သည့် သက်သေခံချက်အဖြစ် အသုံးပြုနိုင်ကြောင်း ရှင်းပြခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ဤ ဖြောင့်ချက်သည် အလိုအလျောက်ပေးခဲ့သည်ဟု ကျွန်ုပ်ယုံကြည်သည်။ ဤ ဖြောင့်ချက် ကို ကျွန်ုပ်ရှေ့မှောက်၌ ကျွန်ုပ်နားကြားဖြင့် ရေးယူခဲ့ပြီး ဖြောင့်ချက်ပေးသူကို ပြန်ဖတ်ပြခဲ့သည့်အပြင် ၎င်းက မှန်ကန်ကြောင်း ဝန်ခံခဲ့သည်။ ဤဖြောင့်ချက်တွင် ၎င်းပေးသည့် ထွက်ဆိုချက်များ အပြည့်အစုံ အမှန်အကန် ပါရှိသည်။
ပုံ ....................................
ရာဇဝတ် တရားသူကြီး ”
အဓိပ္ပာယ်ရှင်းလင်းချက် - ဖြောင့်ချက်တစ်ခု သို့မဟုတ် ထွက်ဆိုချက်တစ်ခုကို လက်ခံရေးမှတ် ယူသော တရားသူကြီးသည် ထိုအမှုကို စီရင်ပိုင်ခွင့်အာဏာရှိသော တရားသူကြီး ဖြစ်ရန်မလို။