ပုဒ်မ ၄၃
ပုဒ်မ ၄၃
ပုဒ်မ ၄၀ မှ ၄၂ တွင်ဖော်ပြထားသော စီရင်ချက်များမဟုတ်သော အခြားစီရင်ချက်စသည်များမှာ မည်သည့်အခါစပ်ဆိုင်ခြင်း

ပုဒ်မ ၄၀၊ ၄၁ နှင့် ၄၂ တို့တွင် ဖော်ပြထားသော စီရင်ချက်အမိန့်၊သို့မဟုတ် ဒီကရီများမဟုတ်ပါကအခြားစီရင်ချက်၊ အမိန့်၊ သို့မဟုတ် ဒီကရီများသည် အဆိုပါစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီရှိနေသည် ဆိုခြင်းသည် အငြင်းဖြစ်သည့် အကြောင်းခြင်းရာဖြစ်နေသည့်ကိစ္စ သို့မဟုတ် အဆိုပါစီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီရှိနေသည်ဆိုခြင်းသည် ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ အမှု၌ စပ်ဆိုင် နေသည့် ကိစ္စများမှတစ်ပါးအမှု၌မစပ်ဆိုင်ချေ။

ဥပမာများ

(က) A နှင့် B တို့က မိမိတို့အသီးသီးအပေါ်တွင် အသရေပျက်စေသည်ဟု C ကိုအသရေပျက်မှုဖြင့် တစ်မှုစီ ခွဲခြား၍တရားစွဲဆိုသည်။ အမှုနှစ်မျိုးလုံးတွင် အသရေပျက်စေသည်ဆိုသော အကြောင်းအရာမှာ အမှန်ဖြစ်ကြောင်း C ကထွက်ဆိုသည်။

အကြောင်းခြင်းရာများကို ထောက်ချင့်၍ အသရေပျက်စေသည်ဆိုသော အကြောင်းအရာမှန်လျှင်လည်း နှစ်မှုလုံးတွင် မှန်၍ မမှန်လျှင်လည်း နှစ်မှုလုံးတွင်မမှန်နိုင်ကြောင်း ယုတ္တိရှိသည်။

C ကမိမိမှန်ကြောင်းမပြနိုင်သဖြင့် A က C အပေါ်တွင် လျော်ကြေးငွေ ဒီကရီရရှိသည်။ ဤအကြောင်းခြင်းရာသည် B နှင့် C တို့အမှု၌ စပ်ဆိုင်ခြင်းမရှိချေ။

(ခ) A ၏ဇနီး C ကိုခိုးယူပေါင်းသင်းမှုဖြင့် A က B ကိုတရားစွဲဆိုသည်။

B က C သည် A ၏ ဇနီးမဟုတ်ကြောင်းငြင်းဆိုသည်။ သို့ရာတွင်တရားရုံးက B ကိုမယားခိုးမှုဖြင့် ပြစ်မှုထင်ရှားစီရင်လိုက်သည်။

ထို့နောက် A အသက်ရှင်လျက်ရှိစဉ်အတွင်း C သည် B နှင့် လက်ထပ်ထိမ်းမြားသဖြင့် ခင်ပွန်းနှစ် ယောက်ယူမှုဖြင့်တရားစွဲဆိုခြင်းခံရသည်။ C က မိမိသည် မည်သည့်အခါမျှ A ၏ဇနီးမဟုတ်ခဲ့ကြောင်း ထုချေသည်။

B အပေါ်တွင် ချမှတ်ထားသော စီရင်ချက်သည် C အပေါ်တွင်စပ်ဆိုင်ခြင်းမရှိစေချေ။

(ဂ) A က B ကို နွားခိုးမှုဖြင့် တရားစွဲဆိုရာ B သည်ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည်။

ထို့နောက်တွင် B သည် ပြစ်မှုထင်ရှားစီရင်ခြင်းမခံရမီကနွားကို C သို့ရောင်းခဲ့ပြီးဖြစ်သဖြင့် A ကနွားကို ပြန်လည်ရရှိလိုမှုဖြင့် C ကို တရားစွဲဆိုသည်။ B အပေါ်ချမှတ်ထားသော စီရင်ချက်သည် A နှင့် C တို့ စပ်ကြားတွင် စပ်ဆိုင်ခြင်းမရှိချေ။

(ဃ) A သည် B အပေါ်တွင် မြေလက်ရောက်ရရှိရန် ဒီကရီကိုရရှိခဲ့သည်။သို့ဖြစ်၍ B ၏သားမောင် C က A ကိုသတ်သည်။

အဆိုပါစီရင်ချက်တည်ရှိခြင်းသည် ပြစ်မှုကျူးလွန်ရန်စေ့ဆော်ချက်ကိုဖော်ပြသည့်အတွက် အမှု၌စပ် ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

(င) A အပေါ်တွင် ခိုးမှုဖြင့်စွဲဆိုသည့်အပြင် ယခင်ကလည်း ခိုးမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခဲ့ဖူးကြောင်းပြ ဆိုသည်။ ယခင်က ပြစ်မှုထင်ရှားစီရင်ခဲ့ဖူးခြင်းသည် အငြင်းဖြစ်သည့် အကြောင်းခြင်းရာအနေဖြင့် စပ် ဆိုင်သည်။

(စ) A သည် B ကိုသတ်မှုဖြင့် စစ်ဆေးစီရင်ခြင်းခံရသည်။ B က A ကိုအသရေပျက်မှုဖြင့် တရားစွဲဆို ခဲ့ရာ A မှာပြစ်မှုထင်ရှားစီရင်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်ဟူသော အကြောင်းခြင်းရာသည် အငြင်းဖြစ်သည့် အကြောင်းခြင်းရာအတွက်စေ့ဆော်ချက်ကိုဖော်ပြသဖြင့် ပုဒ်မ ၈ အရ စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။