မေးခွန်းတစ်ခုသည် သက်ဆိုင်ရာတရားမမှု၌သို့မဟုတ် မှုခင်း၌ ကိစ္စတစ်ရပ်သည် စပ်ဆိုင်ခြင်းမ ရှိဘဲ သက်သေ၏ယုံကြည်ထိုက်မှုကို ထိခိုက်စေရန် ထိုသူ၏အကျင့်စာရိတ္တကိုညိုးနွမ်းစေမည့်မေးခွန်း ဖြစ်လျှင် ထိုသက်သေအား ထိုမေးခွန်းကို အတင်းအကျပ်ဖြေဆိုစေခြင်း ပြုမည်မပြုမည်ကိုတရားရုံးက ဆုံးဖြတ်ရမည်။ သင့်သည်ထင်မြင်လျှင်သက်သေအား ထိုမေးခွန်းကိုဖြေဆိုရန်တာဝန်မရှိကြောင်းသတိ ပေးနိုင်သည်။ တရားရုံးသည် ချင့်ချိန်မှုကိုကျင့်သုံးရာ၌ အောက်ပါအချက်များကိုထည့်သွင်းစဉ်းစား ရမည်-
(၁) မေးခွန်းများတွင်ပါသော ရည်ညွှန်းသည့်စွပ်စွဲချက်မှန်ကန်ပါက သက်သေအစစ်ခံနေသောအကြောင်းအရာနှင့်စပ်လျဉ်း၍ ထိုသက်သေကို ယုံသင့်မယုံသင့် တရားရုံးက စဉ်းစားဆင်ခြင်ရာ၌ များ စွာထိခိုက်စေမည်ဖြစ်လျှင် ထိုသို့သော မေးခွန်းများသည်မေးထိုက်သောမေးခွန်းများဖြစ်သည်။
(၂) မေးခွန်းများတွင်ပါသော ရည်ညွှန်းသည့်စွပ်စွဲချက်သည် အချိန်ကာလကြာမြင့်စွာကဖြစ်ပျက်ခဲ့သော အကြောင်းအရာများဖြစ်၍သော်လည်းကောင်း၊ ထိုစွပ်စွဲချက်မှန်ကန်လျှင်လည်း သက်သေထွက်ဆိုသည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ သက်သေကို ယုံသင့် မယုံသင့် တရားရုံးက စဉ်းစားဆင်ခြင်ရာ၌ ထိခိုက်စေခြင်းမရှိလျှင် သို့မဟုတ် အနည်းငယ်မျှသာ ထိခိုက်စေမည်ဖြစ်လျှင် ထိုသို့သောမေးခွန်းများသည် သင့်တော်သည်မဟုတ်ချေ၊
(၃) သက်သေ၏အကျင့်စာရိတ္တကို ထိပါးစေသည့်စွပ်စွဲချက်၏အရေးပါမှုနှင့် ထိုသက်သေ၏သက်သေခံချက်တို့၏အရေးပါမှုတို့မှာ မမျှမတအောင်ကွာခြားနေလျှင် ထိုသို့သောမေးခွန်းများသည်သင့်တော် သည် မဟုတ်ချေ၊
(၄) မေးခွန်းကို မဖြေဆိုလိုကြောင်း သက်သေကငြင်းဆိုလျှင်တရားရုံးသည် ထိုငြင်းဆိုချက်ကိုထောက်ရှုလျက် မေးခွန်းကို ဖြေဆိုခဲ့သော် ထိုသက်သေအတွက် အကျိုးယုတ်ရန်ရှိသည်ဟု ကောက်ယူသင့်သည် ထင်မြင်ပါက ကောက်ယူနိုင်သည်။