ပုဒ်မ ၃၄၂
ပုဒ်မ ၃၄၂
တရားခံကို စစ်မေးရန်အာဏာ

(၁) ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခြင်းခံရသူတိုင်းသည် ၎င်းတစ်ဦးတည်း အနေဖြင့် စွပ်စွဲခံရသူဖြစ်စေ၊ အခြားသူများနှင့် ပူးတွဲ၍ အစွပ်စွဲခံရသည်ဖြစ်စေ အဆိုပါပြစ်မှုနှင့် သက်ဆိုင်သည့် မည်သည့်စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှုတွင်မဆို မိမိအတွက်အရည်အချင်းရှိသော သက်သေတစ်ဦးဖြစ်စေရမည်။

ထို့ပြင် ၎င်း၏သက်သေခံချက်ကို ၎င်းနှင့်အတူ ပူးတွဲစစ်ဆေး စီရင်ခြင်းခံရသူ၊ သို့မဟုတ် ခံရသူများအပေါ် ဆန့်ကျင်ပြီး အသုံးပြုနိုင်သည်။ သို့ရာတွင် အောက်ပါအတိုင်း ခြွင်းချက်ပြုထားသည် -

(က) တရားခံကို ၎င်း၏ဆန္ဒမရှိဘဲ သက်သေတစ်ဦးအဖြစ် မစစ်မေးရ၊

(ခ) သက်သေမခံမိ တရားခံသက်သေခံရန် တာဝန် မရှိကြောင်းနှင့် အကယ်၍ သက်သေခံလျှင် ၎င်း၏သက်သေခံချက်ကို ၎င်းနှင့်အတူ ပူးတွဲစစ်ဆေး စီရင်ခြင်းခံရသူ မည်သူ့အပေါ်မဆို ဆန့်ကျင် အသုံးပြုနိုင်ကြောင်းကို တရားရုံးက သတိပေးရမည်၊

(ဂ) သက်သေခံရန် တရားခံ၏ ပျက်ကွက်မှုကို တရားလိုဘက်ကမည်သို့မျှ ဝေဖန်ခြင်းမပြုစေရ။ သို့သော်လည်း ယင်းပျက်ကွက်မှုနှင့်စပ်လျဉ်း၍ တရားရုံးနှင့် ဂျူရီလူကြီးများ (ရှိလျှင်)က တရားမျှတသည် မိမိတို့ ထင်မြင်သည့်အတိုင်းကောက်ယူနိုင်သည်၊

(ဃ) တရားခံသည် ထိုအချိန်က စွဲချက်တင်ခံရသော ပြစ်မှုမှတစ်ပါး အခြား ပြစ်မှုတစ်ရပ်ရပ်ကို ကျုးလွန်ခဲ့ကြောင်း၊ သို့မဟုတ် ထိုပြစ်မှုဖြင့် ပြစ်မှု ထင်ရှားစီရင်ခြင်းခံခဲ့ရကြောင်း၊ သို့မဟုတ် ထိုပြစ်မှုဖြင့် စွဲချက်တင်ခြင်း ခံခဲ့ရကြောင်း၊ သို့မဟုတ် တရားခံသည် အကျင့်စာရိတ္တ မကောင်း ကြောင်း ပြဆိုရာရောက်သည့် မည်သည့် မေးခွန်းကိုမျှ ပြန်လှန် စစ်မေးရာ၌ မမေးရ။ ၎င်းပြင် မေးမြန်းပါက တရားခံမှ ဖြေဆိုရန် မလိုအပ်စေရ။ သို့ရာတွင် အောက်ပါ အချက်များကိုမှ မေးမြန်းနိုင်သည်၊ တရားခံကလည်း ဖြေကြားရမည်-

(၁) အဆိုပါ အခြားပြစ်မှုကို ၎င်းသည် ကျူးလွန်ခဲ့ကြောင်း၊ သို့မဟုတ် ထိုပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရဖူး ကြောင်း သက်သေခံ အထောက်အထားသည် ၎င်းအပေါ် နောက်စွဲဆိုသည့် ပြစ်မှုကို ၎င်းကျူးလွန်ကြောင်း ပြသရန် အတွက် သက်သေခံဝင်ခြင်း၊ သို့မဟုတ်

(၂) ၎င်းမှာ အကျင့်စာရိတ္တကောင်းကြောင်း ပေါ်လွင်စေရန် ရည်ရွယ်ချက်ဖြင့် တရားလိုသက်သများကို ၎င်းကိုယ် တိုင်ဖြစ်စေ၊ ၎င်း၏ ရှေ့နေဖြင့်ဖြစ်စေ မေးခွန်းများ မေးမြန်းခဲ့ခြင်း၊ သို့မဟုတ် ၎င်းမှာအကျင့်စာရိတ္တကောင်း ကြောင်း ထွက်ဆိုအစစ်ခံခဲ့ခြင်း၊ သို့မဟုတ် ၎င်း၏ခုခံ ချေပချက် သဘောသဘာဝတွင် တရားလိုဘက်သက်သေ များ၏ အကျင့်စာရိတ္တအပေါ် စွပ်စွဲချက်များ ပါဝင်နေခြင်း၊ သို့မဟုတ်

( ၃ ) ၎င်း၏ ထွက်ဆိုချက်၌ ၎င်းနှင့်အတူ ပူးတွဲ၍ စစ်ဆေးစီရင် ခြင်း ခံရသည့် အခြားသူတစ်ဦးအပေါ်ဆန့်ကျင်ထွက်ဆိုခဲ့ ခြင်း၊

(င) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွတ်တော်၏ အခွင့်အမိန့်မရဘဲ တရားခံကိုမမှန်သက်သေခံမှုဖြင့် တရားမစွဲစေရ။

(၂)(က) ပုဒ်မခွဲ (၁) ၌ မည်သို့ပင်ပါရှိစေကာမူ တရားခံအဓနဖြင့် မိမိအပေါ် ဆန့်ကျင်သည့် သက်သေခံချက်မှ ပေါ်ပေါက်လာသော အကြောင်းကိစ္စ တစ်စုံတစ်ရာကို ဖြေရှင်းနိုင်စေရန် ကိစ္စအလို့ငှာ တရားရုံးသည် စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှု၏ မည်သည့်အဆင့်၌ မဆို တရားခံကို ကြိုတင်သတိမပေးဘဲ မိမိလိုအပ်သည်ထင်သော မေးခွန်းများကို တရားခံအားမေးမြန်းနိုင်သည်။ ထိုပြင်တရားခံက ၎င်းအတွက် ကိုယ်တိုင်သက်သေခံရန် ငြင်းဆန်သည့်အခါ တရားလို သက်သေများကို စစ်ဆေးပြီးနောက် တရားခံအား ခုခံချေပဖြေရှင်းစေရန် ဆင့်ဆိုခြင်းမပြုမီ အထက်တွင် ဆိုခဲ့သော ရည်ရွယ်ချက်အတွက် တရားခံကို အမှုနှင့် စပ်လျဉ်း၍ ဧယဘုယျအားဖြင့်မေးမြန်းရမည်။

(ခ) အပိုဒ် (၁)ပါ ပြဋ္ဌာန်းချက်များအရ မေးမြန်းသော မေးခွန်းများအပေါ် တရားခံ၏ ဖြေကြားချက်များကို အဆိုပါ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှုတွင် ထည့်သွင်းစဉ်းစားနိုင်သည်။

( ဂ ) အပိုဒ် (၁) အရ မေးမြန်းသောမေးခွန်းတစ်စုံတစ်ရာကို ဖြေကြားရန် ငြင်းဆိုခြင်း၊ သို့မဟုတ် ယင်းမေးခွန်းများကို မမှန်မကန် ဖြေကြားခြင်း အတွက် တရားခံအား ပြစ်ဒဏ်စီရင်ခြင်း မခံထိုက်စေရ။ သို့သော်လည်း တရားရုံးနှင့် ဂျူရီလူကြီးများ (ရှိခဲ့လျှင်)က ယင်းကဲ့သို့ ငြင်းဆိုခြင်း၊ သို့မဟုတ် မမှန်မကန် ဖြေကြားခြင်းတို့မှ မိမိသင့်သည် ထင်သည့်အတိုင်း ကောက်ယူနိုင်သည်။

(ဃ) ဤပုဒ်မခွဲအရ စစ်မေးမှု တစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ တရားခံအား ကျမ်းသစ္စာကျိန်ဆိုစေခြင်း မပြုရ။

(၃) ပုဒ်မခွဲ ( ၁ ) အရ ရေးမှတ်ထားသော တရားခံ၏ အစစ်ခံချက် (ရှိခဲ့လျှင်) နှင့် ပုဒ်မခွဲ (၂) အပိုဒ်(ကက) အရ မေးမြန်းသည့် မေးခွန်းများကို တရားခံ၏ ဖြေကြားချက်များကို ယင်းထွက်ဆိုချက်၊ သို့မဟုတ် ဖြေကြားချက်များက တရားခံကျုးလွန်ခဲ့ကြောင်း ညွှန်ပြရာ ရောက်နိုင်သည့် အခြားပြစ်မှုတစ်စုံတစ်ရာအတွက် အခြားသော စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှ တစ်စုံတစ်ရာတွင် တရားခံအား ထောက်ခံသော၊ သို့မဟုတ် ဆန့်ကျင်သော သက်သေခံချက်အဖြစ် တင်သွင်းနိုင်သည်။