ပုဒ်မ ၃၉၈
ပုဒ်မ ၃၉၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း

(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ရပ်ကိုဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြည်ထောင်စုဝန်ကြီးခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး ငါးဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်၊

(ခ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်-

(၁) အသက် ၅၀ နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၂) အသက်ကန့်သတ်ချက်မှအပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူဖြစ်ရမည်။

(၃) (ကက) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးအဖြစ်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ်ဖြစ်စေ၊ အလားတူရာထူးတာဝန်တစ်ခုခုတွင်ဖြစ်စေ အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်

(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရမည် သို့မဟုတ်

(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်

(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ ဖြစ်ရမည်။

(၄) သိက္ခာသမာဓိနှင့်ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူဖြစ်ရမည်၊

(၅) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့် ငြိစွန်းခြင်းမရှိသူ ဖြစ်ရမည်၊

(၆) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်၊

(၇) နိုင်ငံရေးပါတီဝင်မဟုတ်သူဖြစ်ရမည်၊

(၈) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူဖြစ်ရမည်၊

(၉) လစာ၊ စရိတ်၊ ကြေးငွေရသောအခြားမည်သည့်ရာထူးကိုမျှလက်ခံခြင်းမပြုသူဖြစ်ရမည်။