ပုဒ်မ ၁၈၅
ပုဒ်မ ၁၈၅
ပြည်သူ့ဝန်ထမ်း၏ အခွင့်အာဏာ ဖြင့် ရောင်းသော ပစ္စည်းကို ဥပဒေ နှင့်အညီ မဟုတ်ဘဲ ဝယ်ယူခြင်း သို့မဟုတ် လေလံဆွဲခြင်း

မည်သူမဆို ပြည်သူ့ဝန်ထမ်း၏ ဥပဒေအရ အပ်နှင်းထားသောအခွင့်အာဏာအရ ပစ္စည်းတစ်ခုခုကို ရောင်းချရာတွင် မိမိသော်လည်းကောင်း၊ အခြားသူတစ်ဦးဦးသော်လည်းကောင်း ဥပဒေအရ ဝယ်ယူခွင့် မရှိကြောင်း သိလျက်နှင့် မိမိအတွက်ဖြစ်စေ၊ အခြားသူအတွက်ဖြစ်စေ ထိုပစ္စည်းကို ဝယ်ယူခြင်းသော် လည်းကောင်း၊ လေလံဆွဲခြင်းသော်လည်းကောင်း ပြုလျှင် သို့မဟုတ် လေလံဆွဲသဖြင့် မိမိအပေါ်သို့ ကျရောက်မည့် တာဝန်ကို ဆောင်ရွက်ရန် ကြံရွယ်ချက်မရှိဘဲနှင့်် ထိုပစ္စည်းကို လေလံဆွဲလျှင် ထိုသူကို တစ်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်နှစ်သောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
  6. ရာကျင့် ၁၉၅(က) ကို လိုက်နာရသည်။