ပုဒ်မ ၁၆၁
ပုဒ်မ ၁၆၁
ပြည်သူ့ဝန်ထမ်းက ရာထူးဆိုင်ရာပြုလုပ်မှု တစ်ခုခုအတွက် ဥပဒေနှင့်ညီသော အခကြေးငွေမှတစ်ပါး တံစိုးလက်ဆောင်ကိုယူခြင်း

ပြည်သူ့ဝန်ထမ်းဖြစ်သူ တစ်ဦးဦးကသော်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းဖြစ်မည်ကို မျှော်လင့်သူ တစ်ဦးဦးကသော်လည်းကောင်း ရာထူးဆိုင်ရာ ပြုလုပ်မှုတစ်ခုခုကိုပြုရန် သို့မဟုတ် ထိုသို့ပြုခြင်းမှ ရှောင်ရန် သို့မဟုတ် မိမိ၏ ရာထူးအလျောက် အလုပ်ဝတ္တရားဆောင်ရွက်ရာတွင် သူတစ်ဦးအား မျက်နှာ လိုက်ရန် သို့မဟုတ် နှိမ်ရန် သို့မဟုတ် မျက်နှာလိုက်ခြင်းမှဖြစ်စေ၊ နှိမ်ခြင်းမှဖြစ်စေရှောင်ရန် သို့မဟုတ် သက်ဆိုင်ရာလွှတ်တော်ထံတွင်ဖြစ်စေ၊ အစိုးရထံတွင်ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းတစ်ဦးဦးထံတွင်ဖြစ်စေ သူတစ်ဦးအတွက် ကောင်းကျိုးကိုသော်လည်းကောင်း၊ မကောင်းကျိုးကိုသော်လည်းကောင်း ပြုရန် သို့မဟုတ် ထိုသို့ပြုခြင်းကို အားထုတ်ရန် ဥပဒေနှင့်ညီသော အခကြေးငွေမှတစ်ပါး တံစိုးလက်ဆောင်ကို ရည်ရွယ်ချက်အဖြစ်ဖြင့်ဖြစ်‌စေ၊ ဆုလာဘ်အဖြစ်ဖြင့်ဖြစ်စေ မိမိအတွက်သော်လည်းကောင်း၊ သူတစ်ပါး အတွက်သော်လည်းကောင်း၊ သူတစ်ဦးထံမှ လက်ခံလျှင် သို့မဟုတ် ရယူလျှင် သို့မဟုတ် လက်ခံရန် သဘောတူလျှင် သို့မဟုတ် ရယူရန် အားထုတ်လျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ရှင်းလင်းချက်များ။ “ပြည်သူ့ဝန်ထမ်းဖြစ်မည်ကို မျှော်လင့်သူ”- သူတစ်ဦးသည် ရာထူးတစ်ခုခုရရှိမည်ဟု မျှော်လင့်ရန်မရှိဘဲ တစ်ပါးသူတို့အား ရာထူးရ‌တော့မည်ဖြစ်ကြောင်း ထိုသို့ရရှိကာလ ထိုသူတို့၏ လိုအင်ကိစ္စကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယုံကြည်အောင်လှည့်ဖြား၍ တံစိုးလက်ဆောင်ကို ရယူလျှင် ထိုသူသည် လိမ်လည်မှုကို ကျူးလွန်ရာရောက်နိုင်သည်။ သို့ရာတွင် ဤပုဒ်မ၌ ဖော်ပြထားသော ပြစ်မှုကို ကျူးလွန်ရာမရောက်။

“တံစိုးလက်ဆောင်”- ငွေကြေးကိုသာ သို့မဟုတ် ငွေကြေးနှင့် တန်ဖိုးခန့်မှန်းနိုင်သောအရာကိုသာ ဆိုလိုသည်မဟုတ်။

“ဥပဒေနှင့်ညီသော အခကြေးငွေ”- ပြည်သူ့ဝန်ထမ်းတစ်ဦးက ဥပဒေနှင့်အညီ တောင်းခံနိုင်သော အခကြေးငွေကိုသာ ဆိုလိုသည်မဟုတ်၊ လက်ခံရန် အစိုးရကခွင့်ပြုသော အခကြေးငွေအရပ်ရပ်ကိုလည်း အပါအဝင်ပြု၍ ဆိုလိုသည်။

“‌ဆောင်ရွက်ခြင်းအတွက် ရည်ရွယ်ချက် သို့မဟုတ် ဆုလာဘ်”- သူတစ်ဦးသည် ပြုရန် မိမိ မကြံရွယ်သည့် ကိစ္စအတွက် မိမိအားပြုစေရန် ရည်ရွယ်ချက်အဖြစ်ဖြင့်ပေးသော တံစိုးလက်ဆောင်ကိုလက်ခံလျှင် သို့မဟုတ် ကိစ္စတစ်ခုခုကို မိမိမပြုခဲ့သော်လည်း ထိုကိစ္စအတွက် ဆုလာဘ်အဖြစ်ဖြင့် တံစိုးလက်ဆောင်ကို လက်ခံလျှင် ထိုသူသည် အထက်ပါစကား၏ ‌သဘောအဓိပ္ပာယ်တွင် သက်ဝင် ကျရောက်သည်။

ဥပမာများ

(က) တရားသူကြီး A သည် ဘဏ်လုပ်ငန်းရှင် Z ကို အနိုင်ပေး၍ အမှုတစ်မှုကို စီရင်ဆုံးဖြတ်လိုက်သည့် အတွက် ဆုလာဘ်အဖြစ်ဖြင့် Z ၏ ဘဏ်တိုက်တွင် မိမိ၏ညီအား အလုပ်တစ်ခုကိုရရှိစေရာ A သည် ဤပုဒ်မတွင် ဖော်ပြထားသောပြစ်မှုကို ကျူးလွန်ရာရောက်သည်။

(ခ) * * * *

(ဂ) အစိုးရထံမှ Z ဘွဲ့တံဆိပ်ရသည်ကို ပြည်သူ့ဝန်ထမ်း A က အစိုးရထံ မိမိကအကျိုးဆောင်သော ကြောင့်သာ Z ဤကဲ့သို့ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရကြောင်းကို Z ထံမှ ဆုလာဘ်အဖြစ်ဖြင့် ငွေကြေး ရအောင် မဟုတ်မမှန်ပြောဆိုသွေးဆောင်၏။ A သည် ဤပုဒ်မတွင် ဖော်ပြထားသော ပြစ်မှုကို ကျူးလွန်ရာ‌ရောက်သည်။



ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။