ပုဒ်မ ၅၆၂
ပုဒ်မ ၅၆၂
ပထမအကြိမ် ပြစ်မှုကျူးလွန်သူများ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူကို ပြစ်ဒဏ်ချမှတ်မည့် အစားကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန် အစမ်းသဘောတရားရုံးက လွှတ်နိုင်ခွင့်အာဏာ

(၁) အသက် နှစ်ဆယ့်တစ်နှစ်ထက်မငယ်သူ မည်သူကိုမဆို ထောင်ဒဏ်ခုနစ်နှစ် ထက်မပိုသော ပြစ်ဒဏ်ထိုက်သင့်သည့်ပြစ်မှုနှင့် ပြစ်မှုထင်ရှားစီရင်သည့်အခါ၊ သို့မဟုတ် အသက်နှစ်ဆယ့် တစ်နှစ်ထက်ငယ်သူ မည်သူကိုမဆို၊ သို့မဟုတ် မည်သည့်မိန်းမကိုမဆို သေဒဏ်၊ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ်တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ် မထိုက်သင့်သည့်ပြစ်မှုနှင့် ပြစ်မှုထင်ရှားစီရင်သည့်အခါ၊ ထို့ပြင် ပြစ်မှုကျုးလွန်သူမှာ ယခင်က ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ဖူးကြောင်း မထင်ရှားသည့်အခါ ၎င်းအား ပြစ်မှုထင်ရှားစီရင်ခဲ့သည့် တရားရုံးက ပြစ်မှုကျုးလွန်သူ၏ အသက်၊ အကျင့်စာရိတ္တ၊ သို့မဟုတ် ယခင်က အခြေအနေများနှင့် ပြစ်မှုကျုးလွန်ရင်း အကြောင်းအချက်များကို ထောက်ထား၍ ပြစ်မှုကျူးလွန်သူကို ကောင်းမွန်စွာ ကျင့်ကြံနေထိုင်စေရန် အစမ်းသဘော လွှတ်ထားသင့်သည်ဟု ထင်မြင်လျှင် အဆိုပါဘရားရုံးသည် ပြစ်မှုကျူးလွန်သူအပေါ် ချက်ချင်း ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်မည့်အစား ဆင့်ဆိုသည့်ကာလ(သုံးနှစ်ထက်မပိုသည့်)အတွင်း တရားရုံးက ညွှန်ကြားသည့် အခါ၊ တရားရုံးသို့ရောက်ရှိ၍ ပြစ်ဒဏ်ချမှတ်ခြင်းကို လက်ခံပါမည်၊ ထို့ပြင် ထိုကာလ အတွင်း ငြိမ်ဝပ်စွာနှင့် ကောင်းမွန်စွာ နေထိုင်ပါမည်ဟူ၍ အာမခံသူများပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ခံဝန်ချုပ်ဆိုစေလျက် ၎င်းအားလွှတ်စေရန် ညွှန်ကြားနိုင်သည်။

သို့ရာတွင် နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အထူးအားဖြင့် အာဏာအပ်နှင်း ခြင်း မခံရသော တတိယတန်းအာဏာရ ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ဒုတိယတန်းအာဏာရ ရာဝတ်တရားသူကြီးက ပထမအကြိမ် ပြစ်မှုကျူးလွန်သူကို ပြစ်မှုထင်ရှားစီရင်သည့်အခါ၊ ထို့ပြင် ရာဇဝတ်တရားသူကြီးက ဤပုဒ်မအရ အပ်နှင်းသည့်အာဏာများကို သုံးစွဲသင့်သည်ဟု ထင်မြင်လျှင်၊ ထိုသို့ထင်မြင်ရသည့်အချက်ကို ရေးမှတ်၍ အမှုတွဲကို ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးထံ တရားခံကိုတင်ပို့ရန်၊ သို့မဟုတ် ရောက်ရှိရန် ခံဝန်ချုပ်ဆိုစေ၍ အမှုတွဲကို တင်ပို ့ရမည်။ ထိုအမှုတွဲလက်ခံရရှိသည့် ရာဇဝတ် တရားသူကြီးသည် ပုဒ်မခွဲ ( ၅ ) တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း အမှုကို ဆုံးခန်းတိုင်အောင် ဆောင်ရွက်ရမည်။

ပြစ်မှုထင်ရှား စီရင်ခြင်းနှင့် ဆိုဆုံးမ၍ လွှတ်ခြင်း။

(၁က) တစ်ဦးတစ်ယောက်အပေါ်ခိုးမှု၊ အဆောက်အအုံအတွင်းခိုးမှု၊ စာရေး၊ သို့မဟုတ် အစေခံကခိုးမှု၊ မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုမှု၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ လိမ်လည်မှု၊ သို့မဟုတ် ပြစ်မှုဆိုင်ရာဥပဒေအရ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ထိုက်သင့်သည့်ပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်သည့် မည်သည့်အမှုမျိုးတွင်မဆို ထို့ပြင် ထိုသူမှာ ယခင်က ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ဖူးကြောင်း မထင်ရှားသည့်အခါ ထိုသူအပေါ် ပြစ်မှုထင်ရှားစီရင်သည့်တရားရုံးက သင့်သည်ထင်မြင်လျှင် ပြစ်မှုကျူးလွန်သူ၏ အသက်၊ အကျင့်စာရိတ္တ၊ ယခင်ကအခြေအနေများ၊ သို့မဟုတ် ကိုယ်ခန္ဓာ၊ သို့မဟုတ် စိတ်ဓာတ် အခြေ အနေနှင့် ပြစ်မှု၏သေးငယ်မှု၊ သို့မဟုတ် ပြစ်မှုကျူးလွန်သော်လည်း ယင်းသို့ ကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်လျှော့ပေါ့ရန် အကြောင်းအချက်များကို ထောက်ထား၍ ထိုသူအား ပြစ်ဒဏ် တစ်ရပ်ရပ် ချမှတ်မည့်အစား ထိုသူကို နည်းလမ်းတကျ ဆိုဆုံးမ၍ လွှတ်နိုင်သည်။

(၂) ဤပုဒ်မအရ အမိန့်တစ်ရပ်ကို အယူခံတရားရုံးကဖြစ်စေ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က မိမိ၏ ပြင်ဆင်မှုအာဏာများ သုံးစွဲသည့်အခါတွင်ဖြစ်စေ ချမှတ်နိုင်သည်။

(၃) ပြစ်မှုကျူးလွန်သူတစ်ဦးအပေါ် ဤပုဒ်မအရ အမိန့်တစ်ရပ် ချမှတ်ပြီးသည့်အခါ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် မိမိထံ အယူခံဝင်ခွင့်ရှိ၍ အယူခံ တင်သွင်းလာသည့်အခါတွင် ဖြစ်စေ၊ မိမိ၏ ပြင်ဆင်မှုအာဏာများကို သုံးစွဲသည့်အခါတွင်ဖြစ်စေ ဆိုခဲ့သည့်အမိန့်ကို ပယ်ဖျက်ပေးနိုင်ပြီး ထိုအမိန့်အစား ပြစ်မှုကျုးလွန်သူအပေါ် ဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်နိုင်သည်။

သို့ရာတွင် ပြစ်မှုကျုးလွန်သူအပေါ် ပြစ်မှုထင်ရှားစီရင်ခဲ့သည့် တရားရုံးက ချမှတ် နိုင်သောပြစ်ဒဏ်ထက် ကြီးလေးသည့်ပြစ်ဒဏ်ကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ဤပုဒ်မခွဲအရ မချမှတ်ရ။

(၄) ပုဒ်မ ၁၂၂ နှင့် ၁၂၆က ပါ ပြဋ္ဌာန်းချက်များသည် ဤပုဒ်မပါ ပြဋ္ဌာန်း ချက်များနှင့်အညီ တင်သွင်းသည့် အာမခံသူများနှင့် သက်ဆိုင်နိုင်သမျှ သက်ဆိုင်စေရမည်။

(၅) ပုဒ်မခွဲ ( ၁ )၏ ခြွင်းချက်အရ ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီး ထံဖြစ်စေ၊ နယ်ပိုင်ရာဇဝတ်တရားသူကြီးထံဖြစ်ဧစ တင်ပို့သည့် အမှုတွဲများကို အဆိုပါ ရာဇဝတ် တရားသူကြီးသည် ထိုအမှုကို မူလက မိမိကိုယ်တိုင် စစ်ဆေးကြားနာခဲ့လျှင် ချမှတ်သည့်ပြစ်ဒဏ် သို့မဟုတ် အမိန့်အတိုင်းပြစ်ဒဏ်၊ သို့မဟုတ် အမိန့်ကို ချမှတ်နိုင်သည်။ ထို့ပြင် အကယ်၍ အချက်အလက်တစ်စုံတစ်ရာ ထပ်မံစုံစမ်းစစ်ဆေးလျှင်၊ သို့မဟုတ် သက်သေခံချက်ယူရန် လိုအပ်ကြောင်း ထင်မြင်လျှင် ၎င်းကိုယ်တိုင် ထိုသို့စုံစမ်းစစ်ဆေး၊ သို့မဟုတ် သက်သေခံချက် ယူနိုင်သည်၊ သို့မဟုတ် အမှုစစ်ဆေးစီရင်ခဲ့သည့် ရာဇဝတ်တရားသူကြီးက စုံစမ်းစစ်ဆေးရန်အတွက် ဖြစ်စေ၊ သက်သေခံချက်ယူရန်အတွက်ဖြစ်စေ ညွှန်ကြားနိုင်သည်။