ပုဒ်မ ၂၁၂
ပုဒ်မ ၂၁၂
နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်

(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား နိုင်ငံတော်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များမှအပ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန် ခွင့်ရှိသည်၊

(ခ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (က) အရ ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကို ရုပ်သိမ်းခြင်းမရှိလျှင် ယင်းအမိန့် ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကျင်းပသော အနီး ကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက် ရယူရမည်။ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပရန်မရှိလျှင် ပြည်ထောင်စု လွှတ်တော်အထူး အစည်းအဝေးကို ခေါ်ယူကျင်းပစေ၍ အတည်ပြုချက် ရယူရမည်၊

(ဂ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်၊

(ဃ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို လိုအပ်သောကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်၊

(င) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ကြေညာသည့် နေ့မှစ၍ရက်ပေါင်း ၆၀ အတွင်း ရုပ်သိမ်းပြီး ဖြစ်စေကာမူ ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အနီးကပ်ဆုံးကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တင်ပြရမည်၊

(စ) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့်မရှိသော ပြဋ္ဌာန်းချက်ပါရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။



ကျင့်ထုံး