ပုဒ်မ ၃၀၀-က
ပုဒ်မ ၃၀၀-က
ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှု၏ ရှင်းလင်းချက်များ

ပုဒ်မ ၂၉၉ နှင့် ၃၀၀ တွင်-

(က) ကိုယ်စိတ်ချွတ်ယွင်းခြင်းရှိသော သို့မဟုတ် အနာရောဂါစွဲကပ်သော သို့မဟုတ် ကိုယ်အင်္ဂါချည့်နဲ့ သော သူအား ကိုယ်အင်္ဂါနာကျင်မှုဖြစ်စေ၍ ထိုသူ၏သေခြင်းကို မြန်စေသော သူတစ်ဦးသည် ထိုသူအား သေစေသည်ဟု မှတ်ယူရမည်။

(ခ) ကိုယ်အင်္ဂါနာကျင်စေခြင်းဖြင့် သေစေသည့်အမှုတွင် ကိုယ်အင်္ဂါနာကျင်စေမှုပြုခြင်းခံရသောသူ၏ မသန်စွမ်းခြင်းကိုသော်လည်းကောင်း၊ ချည့်နဲ့ခြင်းကိုသော်လည်းကောင်း ပြစ်မှုကျူးလွန်သူသိခြင်းသည် ထိုသူ၏ ကြံရွယ်ရင်းအချက်ကို ထင်ရှားအောင်ပြရာတွင် သက်ဆိုင်သော အချက်ဖြစ်သည်။

(ဂ) ပြုလုပ်မှုတစ်ခုခုသည် ဖြစ်တတ်သောသဘောအရ သေခြင်းသို့ရောက်လောက်အောင် လတ်တလော ဘေးကို ဖြစ်စေမည်ဟုသော်လည်းကောင်း၊ သေစေခြင်းဖြစ်တန်ရာသော ကိုယ်အင်္ဂါနာကျင်မှုကို ဖြစ်စေ သည်ဟု သော်လည်းကောင်း ပြစ်မှုကျူးလွန်သူသိခြင်းသည် ထိုသူ၏ ကြံရွယ်ရင်းအချက်ကို ထင်ရှား အောင်ပြရာတွင် သက်ဆိုင်သော အချက်ဖြစ်သည်။

(ဃ) ကိုယ်အင်္ဂါနာကျင်စေခြင်းဖြင့် သေစေသည့်အမှုတွင် သင့်တော်သော ဆေးဝါးဖြင့်လည်းကောင်း၊ ကျွမ်းကျင်သောကုသမှုဖြင့်လည်းကောင်း ပြုစု၍ သေခြင်းကို တားဆီးနိုင်သော်လည်း ကိုယ်အင်္ဂါနာကျင် မှုကို ပြုသောသူသည် သေခြင်းကို ဖြစ်စေသည်ဟု မှတ်ယူရမည်။

(င) အမိဝမ်းတွင်းရှိ ကလေးကိုသေစေခြင်းသည် လူသေမှုမမည်။ သို့ရာတွင် အသက်ရှင်သောကလေးကို သေစေခြင်းသည် ထိုကလေးအသက်မရှူ သေးသော်လည်း သို့မဟုတ် အလုံးစုံမွေးဖွားပြီး မဟုတ်သေး သော်လည်း အချို့အဝက် ဖွားမြင်ပြီး ဖြစ်လျှင် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုမြောက်နိုင်သည်။