(က) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် အောက်ဖော်ပြပါ အရည်အချင်း များနှင့် ပြည့်စုံရမည်-
(၁) အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအတွက် သတ်မှတ်ထားသောအရည်အချင်းများနှင့်ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) နိုင်ငံတော်သမ္မတက သတ်မှတ်သော အခြားအရည်အချင်းများနှင့်လည်းပြည့်စုံသူ။
(ခ) နိုင်ငံတော်သမ္မတသည် -
(၁) နေပြည်တော်ကောင်စီတစ်ရပ်ကို ဖွဲ့စည်းထားရှိရမည်၊
(၂) ပုဒ်မခွဲ (က) တွင် ဖော်ပြသတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသည့်ပုဂ္ဂိုလ်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(၃) ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် ပေးနိုင်ရေးအတွက် ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များအဖြစ် တာဝန်ပေးအပ်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့်သင့်လျော်သော တပ်မတော်သား သို့မဟုတ် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊
(၄) နေပြည်တော်ကောင်စီတွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ဦးရေကို ဥပဒေနှင့်အညီ လိုအပ်သလို သတ်မှတ်နိုင်သည်။
(ဂ) နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ ကောင်စီဝင်များသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည်၊
(ဃ) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စား လှယ်ဖြစ်လျှင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံ ရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(င) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး သို့မဟုတ် နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊
(စ) နေပြည်တော်၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ခန့်အပ် တာဝန်ပေးခြင်းခံရသည့် တပ်မတော်သားနေပြည်တော်ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များသည် တပ်မတော်မှ နုတ်ထွက်ရန် သို့မဟုတ် အငြိမ်းစားယူရန်မလို၊
(ဆ) နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်တစ်ဦးဦးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေး အပ်ခြင်း ခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။