မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေး ကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -
(က) ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများက ထုတ်ပြန်ထားသော စာရင်း၊ အကြောင်းကြားစာ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ အခြားစာရွက်စာတမ်းများကို တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် ဖတ်ရှု၍ မရစေရန် ပြုလုပ်ခြင်း၊
(ခ) မဲစာရင်းကိုသော်လည်းကောင်း၊ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ် ကိုသော်လည်း ကောင်း၊ ယင်းတို့ကို ပေးပို့ရာတွင် အသုံးပြုသော စာအိတ် သို့မဟုတ် အထုပ်ကို သော် လည်းကောင်း တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် ယင်းတို့တွင် ရေးသွင်းထားချက်များကို ဖတ်ရှု၍ မရစေရန် ပြုလုပ်ခြင်း၊
(ဂ) ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအား ပေးခြင်း၊
(ဃ) ဆန္ဒမဲလက်မှတ်မှအပ အခြားပစ္စည်းတစ်ခုခုကို မဲပုံးအတွင်းသို့ ထည့်သွင်းခြင်း၊
(င) အသုံးပြုဆဲဖြစ်သော မဲပုံးကို အခွင့်အာဏာမရရှိဘဲ ဖွင့်လှစ်ခြင်း သို့မဟုတ် ဆန္ဒမဲလက်မှတ် သို့ မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်း၊
(စ) ရွေးကောက်ပွဲတစ်ခုခုတွင် လွှတ်တော်မဲဆန္ဒနယ်တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်များအတွက် ဆန္ဒ မဲပေးခြင်း၊
(ဆ) ရွေးကောက်ပွဲ တစ်ခုခုတွင် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသော လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ် ထက်ပို၍ ဆန္ဒမဲပေးခြင်း၊
(ဇ) သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို လာရောက် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်း၊
(ဈ) ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံအတွင်းသို့ ဝင်ခွင့်မရှိဘဲ ဝင်ရောက်ခြင်း၊
(ည) အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်တစ်ခုခုကိုဖြစ်စေ၊ အများကိုဖြစ်စေ မဲပုံးအတွင်းသို့ ထည့် သွင်းခြင်း။