ပုဒ်မ ၁၁၇
ပုဒ်မ ၁၁၇
သတင်း မှန် မမှန် စုံစမ်းစစ်ဆေးခြင်း

(၁) တရားရုံးရှေ့သို့ ရောက်ရှိနေသူတစ်ဦးအား ပုဒ်မ ၁၁၂ အရ ၁၁၂ အရ ထုတ်ဆင့်သော အမိန့် တစ်ရပ်ကို ပုဒ်မ ၁၁၃ အရ ဖတ်ပြရှင်းလင်းပြီးသောအခါ သို့မဟုတ် တစ်ဦး တစ်ယောက်သည် ပုဒ်မ ၁၁၄ အရ ထုတ်ဆင့်သော သမ္မန်စာအရ သော်လည်းကောင်း၊ ဝရမ်း အတည်ပြုခြင်းခံရ၍ သော်လည်းကောင်း တရားရုံးရှေ့သို့ ရောက်ရှိသောအခါ တရားသူကြီးသည် ၎င်းအနေဖြင့် အရေးယူရသည့် အကြောင်းရင်းဖြစ်သော ၎င်းရရှိ ခဲ့သည့် သတင်းမှန်မမှန် သိရှိအောင် ဆက်လက် စုံစမ်းစစ်ဆေးရမည်။ လိုအပ်သည်ဟု ထင်မြင်လျှင် သက်သေခံချက် များကိုလည်း ထပ်မံယူရမည်။

(၂) ထိုသို့ချမှတ်သည့်အမိန့်မှာ ငြိမ်ဝပ်စွာနေထိုင်ရန်အတွက် အာမခံတောင်းသည့် အမိန့် ဖြစ်လျှင် အဆိုပါ စုံစမ်းစစ်ဆေးမှုကို သမ္မန်မှုကဲ့သို့ စစ်ဆေးစီရင်ရန်နှင့် သက်သေခံချက် မှတ်တမ်းတင်ရန် ပြဋ္ဌာန်းသတ်မှတ်ထားသည့် နည်းအတိုင်း ဖြစ်နိုင်သမျှ လိုက်နာ ဆောင်ရွက်ရမည်။ အကယ်၍ ထိုအမိန့်မှာ ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန်အတွက် အာမခံတောင်းသည့်အမိန့်ဖြစ်လျှင် စွဲချက်တင်ခြင်းမှတစ်ပါး ဝရမ်းမှုကဲ့သို့ စစ်ဆေး စီရင်ရန်နှင့် သက်သေခံချက် မှတ်တမ်းတင်ရန် သတ်မှတ်ထားသည့် နည်းအတိုင်း ဖြစ်နိုင် သမျှ လိုက်နာဆောင်ရွက်ရမည်။

(၃) ပုဒ်မခွဲ (၁)အရ စုံစမ်းစစ်ဆေးခြင်း မပြီးစီးမီ တရားသူကြီးသည် ငြိမ်ဝပ်ပိပြားရေး ဖျက်ဆီးမည့် ကိစ္စကို ဟန့်တားရန်အတွက်ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေး အနှောင့် အယှက် ပြုခြင်းခံရမည့် ကိစ္စကို ဟန့်တားရန်အတွက် ဖြစ်စေ၊ ပြစ်မှုတစ်ရပ် ကျူးလွန်မည့် ကိစ္စကို ဟန့်တားရန် အတွက်ဖြစ်စေ သို့မဟုတ် ပြည်သူတို့ လုံခြုံရေးအတွက်ဖြစ်စေ အရေးပေါ် ဆောင်ရွက်ရန် လိုအပ်နေပြီဟု ထင်မြင်ယူဆလျှင် ပုဒ်မ ၁၁၂ အရ အမိန့် ထုတ်ဆင့်ခြင်း ခံထားရသူအား စုံစမ်းစစ်ဆေးမှုမပြီးစီးမီ ကာလအတွင်း အာမခံသူများ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ငြိမ်ဝပ်စွာ နေရန် သို့မဟုတ် ကောင်းမွန်စွာ လုပ်ကိုင် စားသောက်ရန် ခံဝန်ချုပ်စေရန် မိမိ၏ အကြောင်းပြချက်များကို ရေးမှတ်လျက် ဆင့်ဆို နိုင်သည်။ ထို့ပြင် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲကာလအတွင်း အဆိုပါ ခံဝန်မချုပ် သေးလျှင် သော် လည်းကောင်း၊ ခံဝန်ကို ဖောက်ဖျက်လျှင် သော်လည်းကောင်း ထိုသူကို ချုပ်နှောင် ထားနိုင်သည်။ သို့ရာတွင်-

(က) ပုဒ်မ ၁ဝ၈၊ ပုဒ်မ ၁ဝ၉ သို့မဟုတ် ပုဒ်မ ၁၁ဝ အရ အမှုစွဲဆိုခြင်းမခံရသူ မည်သူကို မဆို ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန်အတွက် ခံဝန်ချုပ်ဆိုရန် ညွှန်ကြားခြင်း မပြုရ၊ ထို့ပြင်

(ခ) အဆိုပါ ခံဝန်ချုပ်ပါစည်းကမ်းချက်များသည် ခံဝန်တန်ဖိုးအရဖြစ်စေ၊ ခံဝန်သူများ နှင့်ပတ်သက်သည့်ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ ခံဝန်သူအရေအတွက်နှင့် ပတ်သက် ၍ ဖြစ်စေ ပုဒ်မ ၁၁၂ အရ ချမှတ်သည့်အမိန့်တွင် သီးခြားဖော်ပြပါရှိသည့် စည်းကမ်း ချက်များ ထက်ပိုပြီး တာဝန်မများစေရ။

(၄) ဤပုဒ်မပါကိစ္စများအလို့ငှာ တစ်ဦးတစ်ယောက်သည် ပြစ်မှုကျူးလွန်တတ်သူဖြစ်ကြောင်း သို့မဟုတ် အာမခံနှင့်မထားဘဲ လွှတ်ထားလျှင် အများပြည်သူအား ဘေးဖြစ်လောက် အောင် လွန်စွာ ဆိုးသွမ်းရမ်းကားမည်ဟု စိုးရိမ်ရသူဖြစ်ကြောင်း ကျော်စောသတင်းဖြင့် ဖြစ်စေ၊ အခြား နည်းဖြင့်ဖြစ်စေ သက်သေထင်ရှားပြနိုင်သည်။

(၅) စုံစမ်းစစ်ဆေးလျက်ရှိသော အမှုတွင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများ ပါဝင် ပတ်သက်နေလျှင် ၎င်းတို့ကို တစ်ပေါင်းတည်းသော်လည်းကောင်း၊ သီးခြားစီ သော်လည်းကောင်း တရားသူကြီးက တရားသည် ထင်မြင်သည့်အတိုင်း စုံစမ်းစစ်ဆေး နိုင်သည်။