(၁) ဆိုခဲ့သည့်အတိုင်း စုံစမ်းစစ်ဆေးရာတွင် ငြိမ်ဝပ်စွာနေထိုင်ရန် သို့မဟုတ် ကောင်းမွန်စွာ ကျင့်ကြံ နေထိုင်ရန်အတွက် စုံစမ်းစစ်ဆေးခြင်းခံရသူအား အာမခံသူများပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ခံဝန်ချုပ်ဆိုရန်လိုအပ်ကြောင်း ထင်ရှားလျှင် ထိုသို့ထင်ရှားသည့်အတိုင်း တရားသူကြီးက အမိန့်ချမှတ်ရမည်။
သို့ရာတွင် -
ပထမ - မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ပုဒ်မ ၁၁၂ အရ ချမှတ်သောအမိန့်တွင် သီးခြား ဖော်ပြထားသည်ထက် သဘာဝအားဖြင့် ကွဲပြားသော သို့မဟုတ် ငွေ အရေအတွက် ပိုမိုများပြားသော သို့မဟုတ် ပိုမိုရှည်လျားသော ကာလ အပိုင်းအခြား အတွက် အာမခံပေးရန် အမိန့်မချရ။
ဒုတိယ - ခံဝန်ချုပ်တိုင်းတွင် ငွေအရေအတွက်ကို အမှုအခြေအနေအလိုက် သတ်မှတ် ရမည့် အပြင် မများလွန်းစေရ။
တတိယ - စုံစမ်းစစ်ဆေးခြင်းခံရသူမှာ အရွယ်မရောက်သေးသူ ဖြစ်ခဲ့သော် ခံဝန်ချုပ်ကို ၎င်း၏ အာမခံသူတို့ကသာ ချုပ်ဆိုရမည်။