(၁) တရားခံက လျှောက်ထားတောင်းဆိုလျှင် စီရင်ချက် မိတ္တူတစ်စောင်ကို ၎င်းအား နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပေးရမည်။ သမ္မန်မှမှလွဲ၍ မည်သည့်အမှုတွင်မဆို အဆိုပါ မိတ္တူကို အခမဲ့ပေးရမည်။
(၂) စက်ရှင်တရားရုံးတစ်ရုံး၌ ဂျူရီလူကြီးများဖြင့် စစ်ဆေးစီရင်သောအမှုများတွင် ဂျူရီလူကြီးများအား တင်ပြသည့် စွဲချက်ခေါင်းစဉ်များ၏ မိတ္တူတစ်စောင်ကို တရားခံက လျှောက်ထားတောင်းဆိုလျှင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အခမဲ့ပေးရမည်။
သေဒဏ်ချမှတ်ခြင်း ခံရသူ၏အမှု
(၃) တရားခံကို ခရိုင်တရားသူကြီးတစ်ဦးက သေဒဏ်ပြစ်ဒဏ် ချမှတ်သည့်အခါ ၎င်းတရားခံအနေဖြင့် အယူခံလိုလျှင် ရက်ပေါင်း မည်မျှအတွင်း အယူခံလွှာတင်သွင်းသင့်ကြောင်း အဆိုပါတရားသူကြီးက တရားခံအား ဆက်လက်ပြောပြရမည်။