(က) ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ကြေညာ သည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်း ထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်များသည် အလိုအလျောက်ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ခ) ထိုသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏အာဏာကိုလွှဲအပ် ဆောင်ရွက်စေ သည့်နေ့ရက်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီ ချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှရပ်စဲပြီးဖြစ် သည်ဟုမှတ် ယူရမည်။