ပုဒ်မ ၃၀၈
ပုဒ်မ ၃၀၈
ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုကိုကျူးလွန်ရန် အားထုတ်ခြင်း

ပြုလုပ်မှုတစ်ခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမမြောက်သည့် ရာဇဝတ် ပြစ်ဒဏ်ထိုက်သော လူသေမှုမြောက်နိုင်သည့် ကြံရွယ်ချက်ဖြင့်လည်းကောင်း၊ (* * *) ထိုကဲ့သို့သော ပတ်ဝန်းကျင်အကြောင်းခြင်းရာဖြင့်လည်းကောင်း၊ မည်သူမဆို ပြုလုပ်မှု တစ်ခုခုကိုပြုလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ထိုပြုလုပ်မှုဖြင့် သူတစ်ဦးဦးအား နာကျင်စေလျှင် ပြစ်မှုကျူးလွန်သူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ဥပမာ

ရုတ်တရက်အကြီးအကျယ်ဒေါသထွက်အောင် ပြုမှုကိုခံရသဖြင့် A သည် Z ကို သေနတ်နှင့် ပစ်ခတ်၏။ Z သေဆုံးခဲ့သော် လူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုမြောက်နိုင်မည့် ပတ်ဝန်းကျင် အကြောင်းခြင်းရာဖြင့် ပစ်ခြင်းဖြစ်လျှင် A သည် ဤပုဒ်မတွင် ဖော်ပြ ထားသည့်ပြစ်မှုကို ကျူးလွန်သည်မည်၏။