သေဒဏ်ထိုက်သင့်သော ပြစ်မှုဖြစ်ပါက
မည်သူမဆို ပြစ်မှုတစ်ခုကို ကျူးလွန်ပြီးနောက် သူတစ်ဦးဦးအား ပြစ်မှုကျူးလွန်သူဟု သိလျက်နှင့် ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ ထိုသူကို ဥပဒေနှင့်အညီ စီရင်ထိုက်သောပြစ်ဒဏ်မှ ကာကွယ်ရန်အကြံဖြင့် ထိုသူအား လက်သင့်ခံလျှင် သို့မဟုတ် ဝှက်ထားလျှင် ထိုကျူးလွန်သော ပြစ်မှုသည် သေဒဏ်ထိုက်သင့်သော ပြစ်မှုဖြစ်ပါက လက်သင့်ခံသော သို့မဟုတ် ဝှက်ထားသောသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ထိုက်သင့်သော ပြစ်မှုဖြစ်ပါက။
ထို့ပြင် အဆိုပါပြစ်မှုသည် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ထိုက်သင့် သော ပြစ်မှုဖြစ်ပါက လက်သင့်ခံသော သို့မဟုတ် ဝှက်ထားသောသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထို့ပြင်အဆိုပါပြစ်မှုသည် တစ်နှစ်မှဆယ်နှစ်အောက်အထိ ထောင်ဒဏ်ထိုက်သင့်သော ပြစ်မှုဖြစ်ပါက အဆိုပါကျူးလွန်သော ပြစ်မှုအတွက်ပြဋ္ဌာန်းထားသည့် အများဆုံးကာလ အပိုင်းအခြား၏ လေးပုံတစ်ပုံထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ပြည်ထောင်စုမြန်မာနိုင်ငံအပ မည်သည့်အရပ်၌မဆို ကျူးလွန်သော ပြုလုပ်မှုတစ်ခုခုသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း၌ ကျူးလွန်ခဲ့သော် ပုဒ်မ ၃၀၂၊ ၃၀၄၊ ၃၈၂၊ ၃၉၂၊ ၃၉၃၊ ၃၉၄၊ ၃၉၅၊ ၃၉၆၊ ၃၉၇၊ ၃၉၈၊ ၃၉၉၊ ၄၀၂၊ ၄၃၅၊ ၄၃၆၊ ၄၄၉၊ ၄၅၀၊ ၄၅၇၊ ၄၅၈၊ ၄၅၉နှင့် ၄၆၀ တစ်ခုခုအရ ပြစ်ဒဏ်ထိုက်သင့်သော ပြုလုပ်မှုမျိုးဖြစ်လျှင် ထိုပြုလုပ်မှုသည် ဤပုဒ်မပါ “ပြစ်မှု” ဆိုသော စကားရပ်၌ အကျုံးဝင်သည်။ ထို့ပြင် အဆိုပါ ပြုလုပ်မှုများအတွက် ဤပုဒ်မအလို့ငှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း၌ ပြစ်မှုကျူးလွန် သကဲ့သို့ ပြစ်ဒဏ်စီရင်ခြင်း ခံထိုက်သည်ဟု မှတ်ယူရမည်။
ကင်းလွတ်ချက်။ ဤပြဋ္ဌာန်းချက်သည် ပြစ်မှုကျူးလွန်သူက လင်ဖြစ်လျှင် မယားက ထိုလင်ကို လက်သင့်ခံခြင်းနှင့်သော်လည်းကောင်း၊ ဝှက်ထားခြင်းနှင့်သော်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူက မယားဖြစ်လျှင် လင်က ထိုမယားကို လက်သင့်ခံခြင်းနှင့်သော်လည်းကောင်း၊ ဝှက်ထားခြင်းနှင့် သော်လည်းကောင်း မသက်ဆိုင်။
ဥပမာ
A သည် B ဓားပြမှု ကျူးလွန်သည်ဟု သိလျက်နှင့် B ကိုဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခြင်းမှ ကာကွယ်ရန် A က B ကို ဝှက်ထား၏။ B သည် ထောင်ဒဏ်နှစ် နှစ်ဆယ်ချမှတ်ခြင်းခံထိုက်သဖြင့် A မှာ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုးစီရင်ခြင်း ခံထိုက်သည့်ပြင် ငွေဒဏ်လည်း ချမှတ်ခြင်း ခံထိုက်သည်။