ပုဒ်မ ၂၃၉
ပုဒ်မ ၂၃၉
ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း

(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရှေ့နေချုပ်အား အထောက်အကူပြုရန် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်တစ်ဦးဦးအား မိမိသဘောဆန္ဒအလျောက် ဒုတိယရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရမည် -

(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊

(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသောပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့်အရည်အချင်းများနှင့် ပြည့်စုံသူ၊

(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊

(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူသို့မဟုတ်

(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက်မနိမ့်သောတရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်

(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်

(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။

(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) ဒုတိယရှေ့နေချုပ်သည် ပြည်ထောင်စုရှေ့နေချုပ်အား လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊

(ဂ) ဒုတိယရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း သော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၃၇ ပုဒ်မခွဲ (စ) ၊(ဆ) နှင့် (ဇ) ပါ ပြဋ္ဌာန်းချက်များနှင့် လည်းသက်ဆိုင်စေရမည်။



ကျင့်ထုံး