(၁) ရာဇဝတ်တရားသူကြီးရှေ့သို့ တရားခံ ရောက်ရှိသည့်အခါ၊ သို့မဟုတ် တရားခံကိုတင်ပို့သည့် အခါ ရာဇဝတ်တရားသူကြီးသည် တိုင်တန်းသူအား(ရှိခဲ့လျှင်)ဆက်လက် စစ်ဆေးကြားနာရမည်။ ထို့ပြင် တရားလိုဘက်မှ တင်ပြသော သက်သေခံချက်ကို ရယူရမည်။ တရားခံက တိုင်တန်းသူ (ရှိခဲ့လျှင်) နှင့် တရားလိုပြသက်သေများကို ပြန်လှန်စစ်မေးခွင့် ရရှိစေရ မည်။
သို့ရာတွင် တရားရုံးတစ်ရုံးက တရားလိုပြုလုပ် တိုင်တန်းသော မည်သည့် အမှုမျိုး၌မဆို လူတစ်ဦးတစ်ယောက်ကို တိုင်တန်းသူအဖြစ် စစ်ဆေးကြားနာရန် ရာဇဝတ်တရား သူကြီး၌ တာဝန်မရှိစေရ။
(၂) ရာဇဝတ်တရားသူကြီးသည် အမှုဖြစ်အကြောင်းခြင်းရာကို သိရှိပြီး တရားလိုဘက်မှ သက်သေခံနိုင်မည့်သူများကို တိုင်တန်းသူထံမှ ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ သိရှိအောင် လုပ်ရမည့်အပြင် ၎င်းတို့အနက်မှ လိုအပ်သည်ဟု မိမိထင်မြင်သူများကို မိမိရှေ့မှောက်သို့လာရောက် သက်သေခံစေရန် သမ္မန်စာထုတ်ဆင့်ရမည်။ ထိုပြင် တရားလိုဘက်အတွက် သက်သေခံရန် သမ္မန်စာဖြင့် ဆင့်ခေါ်ခြင်းခံရသူကို တရားခံဘက်မှ ပြန်လှန်စစ်မေးခွင့်ရရှိစေရမည်။