(၁) ငြိမ်ဝပ်စွာနေထိုင်ရန်အတွက်ဖြစ်စေ၊ ကောင်းမွန်စွာကျင့်ကြံနေထိုင်ရန်အတွက်ဖြစ်စေ၊ အခြားသူတစ်ဦးအတွက် အာမခံခဲ့သူမည်သူမဆို ခရိုင်ရာဇဝတ်တရားသူကြီး၏ သို့မဟုတ် နယ်ပိုင် ရာဇဝတ်တရားသူကြီး၏ သို့မဟုတ် ပထမတန်းအာဏာရ တရားသူကြီး၏ စီရင်ပိုင်ခွင့် အာဏာ နယ်မြေအတွင်း၌ ဤအခန်းအရ ဆိုခဲ့သည့် ခံဝန်ချုပ်တစ်ခုကို ဖျက်သိမ်းရန် အဆိုပါ တရားသူကြီး ထံသို့ အချိန်မရွေး လျှောက်ထားနိုင်သည်။
(၂) ထိုကဲ့သို့ လျှောက်ထားလျှင် ရာဇဝတ်တရားသူကြီးသည် ခံဝန်ချုပ်ထားခြင်းခံရသူကို မိမိ ရှေ့မှောက်သို့ လာရောက်စေရန် သို့မဟုတ် ခေါ်ယူခဲ့စေရန် သမ္မန်စာဖြင့်ဖြစ်စေ၊ ဝရမ်းဖြင့် ဖြစ်စေ မိမိသင့်သည် ထင်မြင်သည့်အတိုင်း ထုတ်ဆင့်ရမည်။